(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား Videoconferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော် ၂၅ စက်တင်ဘာ

(၈၃)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ နာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအစည်းအဝေးသည် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ၌ ရွေးချယ်တင်မြှောက်ထားသည့် ကောင်စီဝင်များအနေဖြင့် (၂၀၁၅)ခုနှစ်တွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံကြက် ခြေနီအသင်းဥပဒေဘောင်အတွင်းမှ အသင်းကြီး၏ ဆောင်ရွက်မှုများကို ယခုထက်ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ခြင်းအားဖြင့် ပြည်သူများအား ပံ့ပိုးပေးနိုင်ရန်အတွက် သမားရိုးကျမှ ဖောက်ထွက်သည့် ဆန်းသစ်သော အတွေးအမြင်များဖြင့် စဉ်းစားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ လျင်မြန်စွာပြန့်ပွားနေသည့်အတွက် ကြက်ခြေနီအသင်းဝင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၌ အထူးအစီအစဉ်အနေဖြင့် ယခုထက်ပိုမို၍ စနစ်တကျပါဝင်ပံ့ပိုးစေလိုပါကြောင်း၊ ကြက်ခြေနီလုပ်ငန်းများအနေဖြင့်လည်း ယခု ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလအတွင်း လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှု နှောင့်နှေးခြင်း မရှိစေရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအကြား Videoconferencing စနစ်ဖြင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမြဲတမ်းအဆင်သင့် ဖြစ်နေရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ မမျှော်လင့်သော အခြေအနေ၊ အဖြစ်အပျက်များအတွက် ကူညီပံ့ပိုး ဆောင်ရွက်နိုင်ရန် အမြဲအသင့်ဖြစ်စေရန် ကြိုတင်သုံးသပ်ခန့်မှန်း ထားစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများအနေဖြင့် ကိုယ်ကျိုးမငဲ့ဘဲ အပင်ပန်းခံ၍ ကိုဗစ်-၁၉ ကို ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကျစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အသွားအလာ ကန့်သတ်ရန်နေရာများနှင့် များပြားလာသော ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ထားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း ရှာဖွေပြင်ဆင်လျက်ရှိပြီး ယင်းအသစ် ဖွင့်မည့်နေရာများ၌ ကြက်ခြေနီ အသင်းဝင်များအနေဖြင့် ပံ့ပိုးကူညီပေးခြင်းဖြင့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ယခုထက်ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လူနာများအား သယ်ယူပို့ဆောင်ပေးရာ၌လည်း အသီးသီးပါဝင်ပံ့ပိုးစေလိုပါကြောင်း။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များသည် ပေးဆပ်သူများ ဖြစ်သည်ဆိုသော စိတ်ဓာတ်၊ ကိုယ်ကျိုးမဖက် အများအကျိုးဆောင်ရွက်မှုများ၊ အသင်းကြီး၏ တိုင်းပြည်အပေါ် အကျိုးပြုမှုများကို ယခုကဲ့သို့ ကပ်ရောဂါဘေးကျရောက်နေချိန်တွင် မှတ်ကျောက် တင်ခံကြရမည်ဖြစ်ပါကြောင်း၊ အသင်းကြီး၏ လက်ရှိတွင်ဆောင်ရွက်နေသော လူသားချင်းစာနာ ထောက်ထားမှုအကူအညီ လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများကို ယခုထက် လက်တွေ့ကျ၍ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းများ၌ တွေ့ကြုံရသည့် အခက်အခဲ၊ လိုအပ်သည့် ပံ့ပိုးမှု၊ ကြိုတင်ပြင်ဆင်ရန်အချက်များကို စသည်တို့ကို ပြန်လည်ဆန်းစစ်သုံးသပ်ကာ ဆောင်ရွက်စေလိုပါကြောင်း၊ အသင်းကြီး၏ လုပ်ငန်းနည်းဗျူဟာများကိုလည်း ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်နှင့်အညီ အမြဲတမ်းမွမ်းမံကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြီးခိုင်မာအားကောင်းလျင် အားကောင်းသလို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပိုမိုခိုင်မာစွာ ပံ့ပိုးနိုင်မည်ဟု ယူဆပါကြောင်း၊ အသင်းကြီးအနေဖြင့် မည်သည့်အခန်း ကဏ္ဍများမှ ဝန်ကြီးဌာနအား ထပ်မံ၍ ထိရောက်စွာပံ့ပိုးပေးနိုင်ရန်ကိုလည်း စဉ်းစားဆန်းစစ်ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အသင်းဝင်များအနေဖြင့် အသင်းကြီးပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းကောင်းများ ချမှတ်ပြီး ယခုထက်ပိုမိုစည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်းများ ဆောင်ရွက်စေလိုပါကြောင်း။

ပြည်သူအများစုအသုံးပြုသည့် လူမှုကွန်ရက်များ၊ မီဒီယာများမှတစ်ဆင့် အသင်းကြီးမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူများအား အသိပေးရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ရာတွင် ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စည်းကမ်းလိုက်နာမှုများသည် အလွန်အရေးကြီးသဖြင့် ဤကိစ္စရပ်များအကောင် အထည်ဖော်ရာ၌ ကြက်ခြေနီအသင်းကြီးအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အသင်းကြီး၏ လုပ်ငန်းများ ရေရှည်တည်တံ့ကာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသင်းကြီး၏ အရေးကိစ္စများကို မိမိ၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဂုဏ်သိက္ခာမြင့်မားသည့် အသင်းကြီး၏ ညီညွတ်စွာ စုစည်းပူးပေါင်းမှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပါက မအောင်မြင်နိုင်သော လုပ်ငန်းမရှိနိုင်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း အသင်းကြီးအား ဆက်လက်လက်တွဲ ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်က အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေး (ပထမနေ့) အခမ်းအနားကို ကျင်းပရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမယာမော်နိုင်က (၈၂) ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာမြသူက အသင်းဌာနချုပ်၏ (၂၀၁၉)ခုနှစ် ဇူလိုင်လမှ (၂၀၂၀) ပြည့်နှစ် ဇွန်လအထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ တင်ညွန့်က (၈၃)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့်အတွင်း စာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၆ ရက်တွင် Video conferencing စနစ်ဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်