(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် မနောပွဲတော်ကို ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည်

မြစ်ကြီးနား      ၆  ဒီဇင်ဘာ

           

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၀) ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် မနောပွဲတော် ကျင်းပပြုလုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်နေ့နှင့် မနောပွဲတော်ကို ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကချင်လူမျိုးရိုးရာ ဗဟိုကော်မတီအဖွဲ့ဝင်များတက် ရောက်ခဲ့ကြပြီး (၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် မနောပွဲတော်ကို ဇန်နဝါရီ (၅) ရက်မှ (၁၂) ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ရိုးရာ မနောကွင်းအတွင်းနှင့် (၆၃) ဧက အားကစားအတွင်း ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပွဲတော်ကာလအတွင်း ဈေးရောင်းပွဲတော်နှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများ၊ စင်တင်တေးဂီတ အစီအစဉ်များဖြင့် ထည့်သွင်းကျင်းပ ပြုလုပ်နိုင်ရေးနှင့် ရန်ပုံငွေရရှိရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကချင်လူမျိုးရိုးရာ ဗဟိုကော်မတီ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မနောကော်မတီတို့၏ ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပွဲတော်ကျင်းပဆောင်ရွက်နိုင်ရေး အများဆန္ဒနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မနောကွင်းအတွင်း ပြင်ဆင်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များ၊ ပွဲတော်ကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ပွဲတော်ကို ယခင်ပွဲတော်များ၏ အားနည်းချက်များ၊ အားသာချက်များကို သုံးသပ်ဆင်ခြင်ပြီး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီး အကောင်းဆုံးဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။

 

အဆိုပါ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် မနောပွဲတော်ကို ဇန်နဝါရီ (၅) ရက်စတင်၍ (၉) ရက်နေ့အထိ ဈေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် လူထုအခမ်းနားနှင့် မနောကွင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ မနောအကကို ဦးဆောင်ဆင်နွှဲခြင်း၊ (၁၁) ရက်နေ့တွင် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ပေါင်းစုံပါဝင်၍ မနောအကဖြင့် ဆင်နွှဲခြင်း၊ (၁၂)ရက်နေ့တွင် ပိတ်ပွဲ အခမ်းအနားအဖြစ် ကချင်လူမျိုးရိုးရာဗဟိုကော်မတီမှ ဦးဆောင်၍ လူမျိုးပေါင်းစုံရိုးရာဝတ်စုံတို့ဖြင့် မနောပွဲတော်ကို စုပေါင်းဆင်နွှဲပြီး ပွဲတော်ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြန်/ဆက်မှ  သိရှိရသည်။

 

MDN