(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား လိုင်လင်းပီမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

လိုင်လင်းပီ       ၂၁         ဖေဖော်ဝါရီ                

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ရည်ရွယ်လျက် ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ ဦးချာခါအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်၌ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

အခမ်းအနားတွင် မရာဧဝံဂေလိအသင်းတော် ဥက္ကဌ ဆရာစတူးဝေဦးမှ အဖွင့်ဆုတောင်းပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ဦးဆလိုင်းလျန်လွယ်မှ ပေးပို့သည့် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ထိုက်မှ ဖတ်ကြားသည်။ 


ဆက်လက်၍ ချင်းပြည်နယ်အတွင်းရှိ (၉)မြို့နယ်ကိုယ်စားပြု စစ်ကြောင်း(၉)ကြောင်းဖြင့် အခမ်းအနားကျင်းပရာဘောလုံးကွင်း အတွင်း၌ ချီတတ်ခြင်းအစီအစဉ်ဖြင့် ရိုးရာသီချင်းများသီဆိုရင်း  ဝိုင်းပတ်အကဖြင့်လမ်းလျှောက်ကြသည်။

ထို့နောက်  ဒေသထွက်သီးနှံပြပွဲများပြသကြပြီး အားကစားပြိုင်ပွဲများဆက်လက်ကျင်းပရာ အားကစားနည်း(၁၂)မျိုးဖြင့် ယှဉ်ပြိုင်ကြကြောင်းနှင့် ညပိုင်းတွင်  ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာတေးသရုပ်ဖော်  အကများနှင့် စင်တင်တေးဂီတအဖွဲ့မှ  ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေတင်ဆက်မှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်းသည်။

ယာကမ် (ပြန်/ဆက်)