(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၄  ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

 

KYS_4604 ဒု (၁) (1)

 

အခမ်းအနားကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တ ကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ထိရောက်စွာ တားဆီးကာကွယ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေးဟူသည့် အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်းဖြစ်သည်။

 

KYS_4604 ဒု (၁) (2)

 

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကိုကျင်းပရာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။

 

နံနက် ၆ နာရီတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား နှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဗ္ဗသီရိတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများသည် သတ်မှတ်စုရပ်အသီးသီးမှ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်း အနားကျင်းပမည့် မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာယူကြသည်။

 

KYS_4604 ဒု (၁) (3)

 

နံနက် ၆ နာရီ ၄၅ မိနစ်တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကိုကျင်းပရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော် ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာယူကြသည်။

 

ထို့နောက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့ တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။

 

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)

 

KYS_4604 ဒု (၁) (4).