(၆၈) နှစ်မြောက် ကယားပြည်နယ် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား

articles_advs

၁၅ ဇန်နဝါရီ

ကျွန်မတို့ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်နိုင်တဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ပြည်နယ်နေ့တစ်ခု ကျင်းပတယ်ဆိုတာဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို့ ကျင်းပနိုင်တာပါ။ ဒါကြောင့်မို့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆိုတာ ခွဲခြားပြီးမြင်လို့ မဖြစ်ပါဘူး။ အမြဲတမ်းတွဲပြီးမြင်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရလာပြီးကတည်းက ပြည်ထောင်စုအနေနဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့စိတ်ဓာတ်တွေ၊ ပြည်ထောင်စုရဲ့ သဘောထားတွေ၊ ပြည်ထောင်စုရဲ့ တန်ဖိုးထားတွေကို ကယားပြည်နယ်လို နေရာမှာဆိုရင် အများကြီး မြင်တွေ့နိုင်ပါတယ်။ ကယားပြည်နယ်မှာဆိုရင် လူမျိုးစုပေါင်းစုံရှိတယ်၊ တိုင်းရင်းသားပေါင်းစုံဟာ နှစ်ပေါင်းများစွာ ဘိုးဘွားဘီဘင် ဟိုးအစဉ်အဆက်ကတည်းက အတူနေခဲ့တဲ့မြေလည်း ဖြစ်ပါတယ်။

 

ဒါကြောင့်မို့ ကယားပြည်နယ်ရဲ့ သင်္ကေတဟာဆိုရင် ကိန္နရီ၊ ကိန္နရာ ဇနီးမောင်နှံ ဖြစ်ပါတယ်။ အဲဒါဟာ ဘာကိုကိုယ်စားပြုသလဲဆိုရင် သစ္စာတရားကို ကိုယ်စားပြုတာပါ။ ကိန္နရီ၊ ကိန္နရာများဟာ တစ်ယောက် မရှင်သန်နိုင်ရင် နောက်တစ်ယောက် မရှင်သန်နိုင်ဘူးလို့ ပြောကြပါတယ်။ ဒီအတိုင်းပဲ ပြည်ထောင်စု ရှင်သန်ဖို့ဆိုရင် ပြည်နယ်တွေလိုတယ်။ ပြည်နယ်တွေရှင်သန်ဖို့ဆိုရင် ပြည်ထောင်စုလိုတယ်။ ကျွန်မတို့ဟာ တကယ့်သစ္စာတရားနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ကိုမခွဲခြားတဲ့စိတ်ဓာတ်နဲ့ ဆက်ပြီးသွားမှသာ ကျွန်မတို့ လိုချင်တဲ့ နိုင်ငံကြီးကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ စောစောက ကလေးများဟာ သီချင်းဆိုသွားတဲ့အခါမှာ မငြိမ်းချမ်းလို့ မဖြစ်ဘူးတဲ့၊ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အခြေခံလိုအပ်ချက်တစ်ခုဆိုတာ ကယားပြည်နယ်သူ၊ ပြည်နယ်သားများ အထူးနားလည်လိမ့်မယ်လို့ ထင်ပါတယ်။ အရင်တုန်းက မငြိမ်းချမ်းခဲ့တဲ့ ပြည်နယ် တစ်ခုဟာ ငြိမ်းချမ်းရေးရသွားတဲ့အခါကျတော့၊ အပစ်အခတ်ရပ်စဲရေး ရသွားတဲ့အခါကျတော့ ဘယ်လို တိုးတက်မှုရှိတယ်ဆိုတာကို ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းများဟာ မျက်ဝါးထင်ထင် မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ စောစောက ကလေးတွေဆိုရင် ပခုံးပေါ်မှာသေနတ်တင်တာ မဟုတ်ဘဲနဲ့ တယော တင်ပြီးတော့ ကျွန်မတို့အားလုံးကို ဂီတနဲ့အားပေးနိုင်တယ်။ ဂီတနဲ့ စိတ်ရွှင်လန်းစေတယ်။ ကလေးများရဲ့ လုပ်ပိုင်ခွင့်တစ်ခုဖြစ်တဲ့ ပညာရှာမှီးရေးကို အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံ တကယ်ပဲ တိုးတက်စေချင်တယ်ဆိုရင် မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတာ အားလုံးက အသဲထဲမှာ စွဲပြီးတော့ နားလည်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အတွင်းကနေစတာပါ။ ငြိမ်းချမ်းချင်တဲ့စိတ်ဓာတ်ရှိမှ ငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းအားလုံးဟာ ငြိမ်းချမ်းရေး လိုအပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ထူထောင်ချင်ကြတယ်။ ထူထောင်ဖို့ တစ်ချိန်လုံးရည်ရွယ်ကြတယ်။ အခုထက်ထိ ကြိုးစားနေတယ်ဆို တာဟာ နိုင်ငံတော်သမ္မတကြီးရဲ့ သဝဏ်လွှာမှာလည်း ထင်ပေါ်စေပါတယ်။

 

ဒီတော့ ကျွန်မတို့ဟာ တကယ်ပဲ ဒီနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေချင်တယ်ဆိုရင် တစ်လုံးချင်းတစ်လုံးချင်း စဉ်းစားဖို့လိုပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဘာတွေကို ဦးတည်ပြီး ရည်ရွယ်တာလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒီမိုကရေစီဆိုတာ အခုအင်မတန်မှ ခေတ်စားနေတဲ့ ဝေါဟာရတစ်ခုဖြစ်တယ်။ ပြည်သူတွေအားလုံးက ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ကြားဖူးကြတယ်။ ကြားဖူးကြပေမယ့်လည်း နားလည်လား၊ နားမလည်လား ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။

 

 ဒီမိုကရေစီကို ဘယ်လိုနားလည်ကြလဲဆိုတာ တစ်ဦးချင်းတစ်ဦးချင်း စိတ်ထဲမှာ ဘယ်လိုရှိလဲဆိုတာ ပြောလို့မရပါဘူး။ ဒါပေမယ့်နိုင်ငံရေးအရ တိတိကျကျပဲ ပြောမယ်ဆိုရင် ဒီမိုကရေစီ ဆိုတာပြည်သူ့အစိုးရပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတွေကို ဒီမိုကရေစီအစိုးရလို့ ခေါ်ပါတယ်။ ကျွန်မတို့ ဘာဖြစ်လို့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်လဲဆိုတော့ ပြည်သူလူထု တွေရဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးနိုင်ဖို့ပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်ကလွဲလို့ ဘယ်သူမှပိုပြီး ထိထိရောက်ရောက် မကာကွယ်နိုင်ပါဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်ကကာကွယ်ရသလို၊ ဒီမိုကရေစီစနစ်မှာဆိုရင် လူတိုင်းလူတိုင်းဟာနိုင်ငံ့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။

 

လုပ်ပိုင်ခွင့်တွေသာ မဟုတ်ဘဲနဲ့ တာဝန်ရှိတယ်ဆိုတာ ကျွန်မတို့ ပြည်ထောင်စုသားချင်းများ အထူးသတိပြု စေလိုပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို လိုချင်ပြီးတော့ ဒီမိုကရေစီ တာဝန်တွေကိုတော့ မထမ်းဆောင်ချင်ဘူးဆိုရင် ဒါဟာ ဒီမိုကရေစီ ငါးဆယ်ရာခိုင်နှုန်းလို့ပဲ ပြောရပါလိမ့်မယ်။ ငါးဆယ်ရာခိုင်နှုန်း နဲ့တော့ ကျွန်မတို့ ပြီးပြည့်စုံတဲ့ နိုင်ငံတစ်ခုကို ထူထောင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာ ဒီမိုကရေစီကို လိုလားတယ်ဆိုတာက ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့၊ ပြည်သူတွေဟာ မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်တတ်တဲ့ စိတ်တွေရှိပြီးတော့ ကျေပွန်နိုင်တဲ့ အရည်အချင်းတွေ ပေါက်ပွားလာဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့အစိုးရဟာဆိုရင် အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးကို အလေးထားပြီးတော့ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေး၊ ပညာရေးဆိုတာ ပြည်သူတွေရဲ့ အရည်အချင်း တွေကို မြှင့်တင်ပေးဖို့ပါ။ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့ပါ။

 

ကျန်းမာတဲ့ကလေးမှ ပညာရှာနိုင်မယ်၊ ပညာရေးစနစ်မှန်မှ အတွေးအခေါ်တွေလည်း မှန်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အခု ကလေးများဟာ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတာ ငယ်ငယ်ကတည်းက သွန်သင်ထားရတယ်။ မငြိမ်းချမ်းလို့ မဖြစ်ဘူး။ မငြိမ်းချမ်းလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ မတိုးတက်နိုင်ဘူး၊ မဖွံ့ဖြိုးနိုင်ဘူး။ မတိုးတက်၊ မဖွံ့ဖြိုးရင် ငြိမ်းချမ်းရေးကို ဆက်ပြီးတော့ တည်တံ့ခိုင်မြဲအောင် မလုပ်နိုင်ဘူး။  ဒီအတွေးအခေါ်တွေဟာ ကျွန်မတို့ရဲ့ကလေးတွေရဲ့ စိတ်ထဲမှာစွဲမြဲသွားအောင်လို့ ကျွန်မတို့လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တချို့လူကြီးတွေက စိတ်နေစိတ်ထားပြင်ဖို့ မလွယ်ဘူးဆိုတာလည်း အများသိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်ပြင်ချင်တယ်ဆိုရင် အချိန်မရွေး ပြင်နိုင်ပါတယ်။ အသက်ဘယ်လောက်ကြီးသည်ဖြစ်ဖြစ် တစ်မိနစ်၊ တစ်စက္ကန့် အတွင်းမှာတောင်မှ ကိုယ့်စိတ်ကိုယ် ပြင်နိုင်ပါတယ်။ ဒါကြောင့်ကျွန်မတို့ ကလေးတွေကို အခုအချိန်မှာ ဒီမိုကရေစီစိတ်ဓာတ်တွေ ကျောင်းကတည်းက သွင်းပေးနေသလို လူကြီးများဟာ အိမ်မှာလည်း သွင်းပေးစေချင်ပါတယ်။

 

 မိမိတို့ရဲ့မိသားစု ပတ်ဝန်းကျင်မှာ၊ မိမိတို့ရဲ့ရပ်ရွာမှာ အားလုံးဟာ ဒီမိုကရေစီစိတ်ဓာတ်၊ အများနဲ့ သက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ဟာ ဝန်မလေး၊ အများနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် နည်းလမ်းတကျ ကာကွယ်ခြင်း ဒါဟာ ကျွန်မတို့ ဒီမိုကရေစီအတွက်ပါပဲ။ ဖက်ဒရယ်နဲ့ ပတ်သက်လို့ ကျွန်မတို့ ဘာကြောင့် ဖက်ဒရယ်ကို သွားချင်လဲဆိုတာ ကျွန်မတို့ စဉ်းစားစရာဖြစ်ပါတယ်။

 

ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်လို့ ဒီနိုင်ငံဟာ တည်တဲ့ခိုင်မြဲဖို့၊ အေးချမ်းဖို့၊ သာယာဖို့၊ တိုးတက်ဖို့ဆိုရင် တိုင်းရင်းသားများအချင်းချင်းမှာ ညီညွတ်မှုရှိဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ညီညွတ်ဖို့ဆိုတာဟာလည်း စိတ်ထဲကနေ လုပ်တဲ့ကိစ္စပါပဲ။ ညီညွတ်မှုရှိဖို့ဆိုရင် တန်းတူ ညီမျှမှုရှိရမယ်။ မိတ်ဆွေနှစ်ဦးဆိုတာ မိတ်ဆွေလို့ခေါ်နိုင်ဖို့အတွက် နှစ်ယောက်စလုံးမှာ ညီညီမျှမျှရှိရမယ်။ တစ်ဖက်ကပဲ အခွင့်အရေးရနေမယ်ဆိုရင် နှစ်ဦးစလုံးဟာ ညီညီမျှမျှ မိတ်ဆွေမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့နိုင်ငံဟာ တကယ်ပဲ တိုင်းရင်းသားများ အချင်းချင်းကြားမှာ ညီညွတ်ဖို့ ပြေလည်ဖို့ဆိုရင် တန်းတူညီမျှမှု ရရှိဖို့လိုတယ်။ တန်းတူညီမျှမှု ရသင့်သလို ရနေတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ခိုင်မာလာဖို့ လိုအပ်တယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ ဖက်ဒရယ်စနစ်ကို ဦးတည်တာဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုတာဟာလည်း စောစောက ဒီမိုကရေစီဆိုတဲ့ ဝေါဟာရပါ၊ အများပြည်သူက ဒီဝေါဟာရနဲ့ ယဉ်ပါးနေပါပြီ၊ သူ့ရဲ့အဓိပ္ပါယ်က ဘာလဲဆိုတာက အများပြည်သူ ဘယ်နှစ်ယောက်ကနေပြီးတေ့ာ စဉ်းစား ဆင်ခြင်မိသလဲ ဆိုတာကတော့ ကျွန်မမသိပါဘူး။ ဖက်ဒရယ်ဆိုတာက နိုင်ငံရေးစနစ် တစ်ခုပါပဲ။ ပြည်ပရှိတယ်၊ ပြည်နယ်နဲ့တိုင်းတွေရှိတယ်။ ပြည်မနဲ့ နိုင်ငံရဲ့ အစိတ်အပိုင်းတွေရှိတယ်။ ပြည်နယ်နဲ့ ပြည်ထောင်စု အစိတ်အပိုင်းတွေကြားထဲမှာ မျှမျှတတ တရားဥပဒေအရ ပြဌာန်းထားတဲ့ လုပ်ပိုင်ခွင့်တွေ၊ တာဝန်တွေရှိဖို့ ဖြစ်ပါတယ်။

 

တရားဥပဒေအရ ကျွန်မတို့ဟာ အားလုံးညီညီမျှမျှနဲ့ နေနိုင်အောင်လို့ ထိန်းထားပေးနိုင်တဲ့ စနစ်မို့လို့ ကျွန်မတို့ ဖက်ဒရယ်စနစ်ကို ဦးတည်တာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီကို ဦးတည်တယ်၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ ပြည်သူလူထု တာဝန်သိစိတ်တွေကို မြှင့်တင်ပေးဖို့ ပြည်သူလူထုသာလျှင်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်နိုင်မယ်ဆိုတာ ကျွန်မတို့ယုံကြည်လို့၊ ကျွန်မတို့ ဖက်ဒရယ်ကို ဦးတည်တယ်၊ ဖက်ဒရယ်သာလျှင် ကျွန်မတို့ လူမျိုးစုတိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ရေရှည်ငြိမ်းချမ်းရေးကို ထိန်းနိုင်မယ်၊ ရေရှည်တည်ငြိမ်ရေး၊ ရေရှည်တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အပေါ်မှာ အခြေခံတဲ့ တိုးတက်ရေးကို ဖြစ်စေနိုင်မယ်လို့ယူဆလို့ ကျွန်မတို့ဖက်ဒရယ်ကို ဦးတည်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီရော၊ ဖက်ဒရယ် ရောကို နှစ်ခုစလုံးအပေါ်မှာ လွှမ်းမိုးထားတာက ပြည်ထောင်စုဆိုတဲ့ ကိစ္စပါပဲ။ ကျွန်မတို့ဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ဆိုတာကို ကြိုးစား နေတာ ဖြစ်ပါတယ်။

 

ပြည်ထောင်စုဆိုတာ ကျွန်မအခွင့်အရေးကြုံတိုင်း အမြဲတမ်းပြောပါတယ်။ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရဟာ အင်မတန်မှ လှပပါတယ်။ အင်မတန်မှ တင့်တယ်ပါတယ်။ ကျွန်မတို့ ဒီဝေါဟာရကို ချစ်ခင်မြတ်နိုး တန်ဖိုးထားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်ထောင်စုဟာ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်ကြီးလို့ အဓိပ္ပာယ်ဖြစ်ပါတယ်။ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ နိုင်ငံဆိုတာဟာ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ တိုင်းပြည်ကြီးတစ်ခုဆိုတာဟာ စုပေါင်းထူထောင်ထားခြင်းမရှိတဲ့ တိုင်းပြည်တွေနဲ့ မတူပါဘူး။ ကျွန်မတို့မတူကွဲပြားမှုတွေကို အင်အားဖြစ်အောင်လို့ စုစည်းပြီးမှ ပြည်ထောင်စု တစ်ခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို အင်အားဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အရည်အချင်းကိုက နည်းတဲ့အရည်အချင်း မဟုတ်ပါဘူး။ ဒီလိုအရည်အချင်းဆိုတာလည်း နေ့ချင်းညချင်း ရနိုင်မှာမဟုတ်ပါဘူး။

 

ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကြိုးစားပြီးတော့ တကယ့်ကို စုပေါင်းပြီးတော့ မတူကွဲပြားမှုကို စုပေါင်းပြီး အင်အားဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းတွေ ကျွန်မတို့ တိုးပွားအောင်လို့ လုပ်ရမှာ ဖြစ်ပါတယ်။ တိုးပွားအောင်လုပ်မယ်ဆိုတော့ ဘယ်လိုနည်းနဲ့ လုပ်မလဲဆိုတာ နောက်ဆုံးကျတော့ တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ ကြိုးစားရမှာပါ။ တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ ကြိုးစားရမှာဆိုတော့ နိစ္စဓူ၀ ကျွန်မတို့ရဲ့ လုပ်သမျှပြောသမျှ တွေးသမျှဟာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ လျော်ညီရဲ့လားဆိုတာကို ကျွန်မတို့ရဲ့ ပြည်ထောင်စုသွေးချင်းများအားလုံး စဉ်းစားစေချင်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ညီညွတ်ရေးအတွက် အထောက်အပံ့ဖြစ်တဲ့ စကားတစ်ခွန်းလား၊ ညီညွတ်ရေးကို ထိခိုက်စေတဲ့ စကားတစ်ခွန်းလား၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုဟာ ညီညွတ်ရေးကို ထောက်ပံ့မယ့် အလုပ်ဖြစ်သလား၊ ညီညွတ်ရေးကို ထိခိုက်စေမယ့် အလုပ်ဖြစ်သလား၊ ကိုယ်တွေးလိုက်တဲ့ အတွေးတစ်ခုက တစ်ကယ်ပဲ ညီညွတ်ရေးဘက်ကို ဦးတည်တဲ့အတွေးလား။ ညီညွတ်ရေးကို ထိခိုက်စေမယ့် အတွေးလားဆိုတာ အားလုံးက နေပြီးတော့ ဆင်ခြင်စေချင်ပါတယ်။

 

ဒီလို ကျွန်မတို့ အမြဲပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သတိရှိနေမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ မလွဲမသွေ သာယာဝပြောမယ့် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကယားပြည်နယ်မှာဆိုရင် အထူးသဖြင့် အပစ်အခတ် ရပ်စဲပြီးတဲ့ အချိန်ရယ်၊ အပစ်အခတ် မရပ်ဆိုင်းခဲ့တဲ့အချိန်ကြားမှာ ဘယ်လိုကွာခြားမှုတွေ ရှိလဲဆိုတာ ပြည်နယ်သူ ပြည်နယ်သားများဟာ သေသေချာချာ သိကြပါတယ်။ ဒါကြောင့်ကျွန်မတို့က အပစ်အခတ်ရပ်စဲဖို့လိုတယ်။ ငြိမ်းချမ်းဖို့ လိုတယ်။ ငြိမ်းချမ်းမှ တိုးတက်နိုင်မယ်။ ဒီတိုးတက်မှုကို ကျွန်မတို့ ဆက်ပြီးတော့ ဘယ်လို ထိန်းသိမ်းသွားမလဲဆိုတာ စဉ်းစားဖို့ပါ။ သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာလည်း လွိုင်ကော်ဟာ အာဆီယံ ခရီးသွား အသန့်ရှင်းဆုံး နိုင်ငံတစ်ခုအဖြစ်နဲ့ သတ်မှတ်ခံရတာကို ကြားသိပြီး ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင် လို့ လုပ်နိုင်တာဟာ အားလုံးရဲ့ဝိုင်းဝန်းကြိုးစားမှုကြောင့်ပဲ။ ကျွန်မတို့ ပြည်ထောင်စုအစိုးရလည်း ပါတယ်။ ပြည်နယ်အစိုးရလည်း ပါတယ်။ အထူးသဖြင့် ပြည်နယ်သူ ပြည်နယ်သားများလည်းပါတယ်။

 

ကိုယ့်ပြည်နယ်ကို တိုးတက်စေချင်ရင် ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ အစိုးရလုပ်ပါ ဆိုပြီးတော့လည်း အားမကိုးပါနဲ့။ တခြားသူတွေ လုပ်ပါဆိုပြီးတော့လည်း အားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင်လုပ်ကြပါ။ သန့်ရှင်းတဲ့မြို့နယ်ဖြစ်ဖို့ဆိုရင် လူတိုင်းလူတိုင်းဟာ မိမိရဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရမယ်။ ဒါမှပဲ သန့်ရှင်းနိုင်မှာ။ အစိုးရတစ်ခုတည်းက နေပြီးတော့ တစ်မြို့လုံးကို သန့်ရှင်းအောင် ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုမရဘဲ မဖြစ်နိုင်ပါဘူး။

 

တချို့ဆိုရင်၊ တချို့မဟုတ်ပါဘူး။ ကျွန်မပြောရဲပါတယ်။ ကျွန်မတို့ အာဆီယံ ဒေသမှာတောင်မှ အများဟာ လွိုင်ကော်ဆိုတဲ့ စကားလုံးကို ဘာမှတောင်မသိပါဘူး။ မကြားကြပါဘူး။ သို့သော်ငြားလည်း ဒီအာဆီယံက နေပြီးတော့ အများကနေမကြားဘူးတဲ့ နာမည်လေးရှိတဲ့ မြို့တစ်မြို့ဟာ ခရီးသွားတွေအတွက် အသန့်ရှင်းဆုံး မြို့တစ်မြို့ ဖြစ်တယ်ဆိုတဲ့ ဂုဏ်ဒြပ်ကိုရနိုင်တာဟာ ဘယ်သူ့ကြောင့်လဲဆိုရင် ကိုယ့်ကြောင့် ပဲလို့ ပြန်ပြီးတော့ စဉ်းစားစေချင်တယ်။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်းကြောင့်လား၊ မဟုတ်ပါဘူး။ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ဒီလိုကိစ္စတွေမှာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ကယားပြည်နယ်ရဲ့ ဂုဏ်ယူစရာကိစ္စပဲ။

 

ကျွန်မတို့အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲမယ်ဆိုရင်တော့ ဒီလိုတိုးတက်မှုတွေကို အများကြီး ထိခိုက်ပါလိ့မ် မယ်။ တိုးတက်မှုဆိုတာကတော့ အမြဲပဲ တစ်စိုက်မတ်မတ်သွားနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုံ့လ၊ ဝီရိယ၊ ကိုယ့်ရဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပါတယ်။ တိုးတက်မှုရှိသလို ဆုတ်ယုတ်မှုဆိုတာလည်း ရှိနိုင်ပါတယ်။ စပြီးတိုးတက်လို့ အမြဲပဲ တိုးတက်မယ်ဆိုပြီးတော့ ပစ်ထားလို့ မရပါဘူး။ တစ်ချိန်လုံးပဲ ကျွန်မတို့က ပြုစုပျိုးထောင် နေရပါတယ်။ ကျွန်မတို့ ကျန်းမာရေးလိုပါပဲ။ ကျန်းမာရေးဆိုတာဟာ တစ်နေ့ဂရုစိုက်ရုံနဲ့ မဖြစ်ပါဘူး။ နိစ္စဓူ၀ ဂရုစိုက်သွားမှ ကျန်းမာရေးကောင်းမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကယား ပြည်နယ်သူ ပြည်နယ်သားများဟာ ကိုယ်စွမ်းဆောင်နိုင်တဲ့ ကိစ္စတွေအတွက် ဂုဏ်ယူတဲ့အချိန်မှာ ကိုယ့်ရဲ့ အားနည်းချက်တွေ ဘာရှိတယ်ဆိုလည်း သုံးသပ်ပြီးတော့ ဒီအားနည်းချက်တွေကို ကျော်လွှားဖို့ လုံ့လ၊ ဝီရိယ စိုက်ထုတ်စေချင်ပါတယ်။ စိုက်ထုတ်ပြီး ကျော်လွှားနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။

 

ဒီကလေးတွေ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့သီချင်းကို သီဆိုတဲ့ဟာကို ပြန်ပြီးတော့ စဉ်းစားကြည့်ပါ။ ဒီကလေးတွေဟာ အရင်ငါးနှစ်လောက်တုန်းက၊ အရင်ဆယ်နှစ်လောက်တုန်းက ဒီလိုအခွင့်အရေးတွေ ရခဲ့မလား။ တယောထိုးပြီးတော့ နိုင်ငံတော်ပရိသတ်ကို ဖျော်ဖြေတဲ့အဆင့်ရောက်တာကို ထားလိုက်ပါဦး။ ကျောင်းတောင်တက်နိုင်တဲ့ အခြေအနေတွေ ဘယ်နှစ်ယောက်မှာရှိခဲ့လဲဆိုတာ ပြန်ပြီးတော့ စဉ်းစားသုံးသပ် စေချင်ပါတယ်။ ဒါဟာကျွန်မတို့ ငြိမ်းချမ်းရေးအတွက် အသီးအပွင့်တစ်ခု ဖြစ်ပါတယ်။ ကလေးများရဲ့ အနာဂတ် တောက်ပလာခြင်း၊ ကလေးများရဲ့ အနာဂတ်တောက်ပမှ နိုင်ငံရဲ့အနာဂတ် တောက်ပမှာပါ။

 

 ကလေးတွေဆိုတာဟာ၊ လူငယ်များဆိုတာဟာ ကျွန်မတို့ရဲ့ အနာဂတ်ပါပဲ။ အနိစ္စသဘောတရားအရ ကျွန်မတို့မျိုးဆက်တွေဟာ တစ်ဆက်ပြီးတစ်ဆက် ဒီကမ္ဘာကြီးကို စွန့်ခွာသွားရမှာပဲ။ ဒါပေမယ့် ကျွန်မတို့ ထားပစ်ခဲ့တဲ့ မျိုးဆက်တွေဟာ ဒီကမ္ဘာကြီးကို၊ ဒီပြည်ထောင်စုကို၊ ဒီပြည်နယ်ကို ဆက်လက်ပြီးတော့ အရင်ကထက် ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်တဲ့ အရည်အချင်းတွေရှိဖို့ ကျွန်မတို့ဟာ စွမ်းဆောင်ဖို့ ဟာ ကျွန်မတို့ရဲ့ အခုခေတ်မျိုးဆက်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

 

ကျွန်မတို့ ကယားပြည်နယ်ဟာ မိမိတို့ပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ ကိန္နရီ၊ ကိန္နရာ စိတ်ဓာတ်နဲ့ ပြည်ထောင်စုနဲ့ ဘယ်တော့မှမခွဲစတမ်း သစ္စာရှိရှိနဲ့ ဆက်လက်ပြီးတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်တဲ့အထိ ဆောင်ရွက်သွားနိုင်မယ့်လို့ ကျွန်မယုံကြည်ပါတယ်။ ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တဲ့အတိုင်းပဲ ကျွန်မတို့ကလည်း ပူးပေါင်းပြီးတော့ ကြိုးစားသွားမှာဖြစ်ပါတယ်။

 

ဒါကြောင့် ကျွန်မတို့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ လူမျိုးစုပေါင်းအားလုံး၊ ကျွန်မတို့ ကယားပြည်နယ် အတွင်းမှာရှိတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားအားလုံးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုလို့ ပြည်နယ်ရဲ့ အကျိုးတွေကို ထမ်းဆောင်နိုင်ပါစေ။ ကျွန်မတို့ရဲ့ ပြည်ထောင်စုအကျိုးတွေကို ထမ်းဆောင်နိုင်ပါစေ။ ကျွန်မတို့ဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်ကနေပြီးတော့ တိုးတက်နိုင်ပါစေ။ ဒီတိုးတက်မှု တွေကို လုံလုံခြုံခြုံ ခိုင်ခိုင်မာမာနဲ့ နောင်လာနောက်သားတွေအတွက် ကျွန်မတို့အားလုံး အမွေအနှစ်ကောင်း အဖြစ်နဲ့ ထားခဲ့နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။