(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များမှ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ၂၃ စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော် ဦးဆောင်ကြီးကြပ်၍ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်(၂၁)ဦး၊ စာရေးဝန်ထမ်း(၃)ဦး နှင့် မိသားစုဝင်(၃)ဦး ပေါင်း(၂၇)ဦးတို့မှ သွေးလှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော်နှင့်ဇနီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်စိုးနှင့်ဇနီးတို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဦးချင်းစီအား ကြက်ဥနှင့် အာဟာရ ဖြည့်အစားအစာများ ပေးအပ်ခဲ့သည်။

အလားတူ ယနေ့နံနက် ၉ နာရီခွဲ က မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင် (၂၀)ဦးတို့က မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူးမှ ကြက်ဥနှင့် အာဟာရဖြည့်အစားအစာများနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းမှ အာဟာရပြည့်ဆေးဝါးများနှင့် အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား