(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ အခြေခံဈေး ယူရိုငွေ ၅၀၀ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက် အတွဲ ၃၃၆ တွဲကို တင်ပြရောင်းချ

mdn

နေပြည်တော် ၂၂ ဇွန် 

 

အခြေခံဈေး ယူရိုငွေ ၅၀၀နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက်အတွဲ ပေါင်း ၃၃၆ တွဲကို မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

 

ယခုပြပွဲတွင် ကျောက်မျက်အတွဲ ၃၃၆ တွဲနှင့် ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲကို ခင်းကျင်းပြသထားပြီး ကျောက်မျက်တစ်တွဲလျှင် အခြေခံဈေး ယူရိုငွေ ၅၀၀၊ ကျောက်စိမ်း အချောထည်ကို အခြေခံဈေး ယူရိုငွေ ၁၀၀၀၊ အရိုင်းထည်ကို အခြေခံဈေး ယူရိုငွေ ၄၀၀၀ သတ်မှတ်ထားပြီး အခြေခံဈေးနှုန်း အများဆုံးသတ်မှတ်ချက်သည် ယူရိုငွေတစ်သန်းနှင့် အထက် တင်ပြရောင်းချသည့် ကျောက်စိမ်းအတွဲ (၁၄)တွဲရှိသည့်အနက် အများဆုံး ယူရို ငွေ (၁၅) သန်းဖြင့် ရောင်းချသည့် အတွဲတစ်တွဲ ပါဝင်သည်။

 

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပြည်တွင်း ပြည်ပ မှ ရတနာကုန်သည်များသည် နံနက်ပိုင်းစ၍ မဏိရတနာကျောက်စိမ်းခန်းမ အပေါ်ထပ်၌ ခင်ကျင်းပြသထားသည့် အခြေခံဈေး ယူရိုငွေ ၅၀၀နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက်အတွဲများကို ၎င်းတို့စိတ်ကြိုက် လွတ်လပ်စွာလှည့်လည် ကြည့်ရှုစစ်ဆေး ရွေးချယ်မှတ်သားကြပြီး ကျောက်မျက်အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို  တင်ဒါပုံများအတွင်းသို့ ထည့်သွင်းကြသည်။

 

ထို့အတူ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပေါ်ထပ်နှင့် သတ်မှတ်ဧရိယာအလိုက် ခင်ကျင်းပြသထားသည့် အခြေခံဈေး ယူရိုငွေ ၄၀၀၀ နှင့် အထက် တန်ဖိုးသတ်မှတ်သည့် အရိုင်းထည် ကျောက်စိမ်းအတွဲများနှင့် အခြေခံဈေး ယူရိုငွေ ၁၀၀၀နှင့်အထက် တန်ဖိုးသတ်မှတ်သည့် အချောထည် ကျောက်စိမ်းအတွဲများကို ၎င်းတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုစစ်ဆေး ရွေးချယ်မှတ်သားကြရာ တာဝန်ရှိသူများက လိုက်လံကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

 

အခြေခံဈေး ယူရိုငွေ ၄၀၀၀နှင့်အထက် တန်ဖိုးသတ်မှတ်သည့် အရိုင်းထည် ကျောက်စိမ်းအတွဲများနှင့် အခြေခံဈေး ယူရိုငွေ ၁၀၀၀နှင့်အထက် တန်ဖိုးသတ်မှတ်သည့် အချောထည် ကျောက်စိမ်းအတွဲများကို ဇွန် ၂၄ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် (၁)မှ (၁၁၅၀)အထိ၊ ဇွန် ၂၅ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် (၁၁၅၁)မှ (၂၃၀၀)အထိ၊ ဇွန် ၂၆ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ်(၂၃၀၁)မှ (၃၄၅၀)အထိ၊ ဇွန် ၂၇ရက်တွင် ကျောက်စိမ်းအတွဲ အမှတ်(၃၄၅၁)မှ (၄၆၀၀)အထိ၊ ဇွန် ၂၈ ရက် တွင် ကျောက်စိမ်းအတွဲ အမှတ် (၄၆၀၁)မှ (၅၇၅၀)အထိ၊ ဇွန်၂၉ ရက်တွင် ကျောက်စိမ်း အတွဲ အမှတ်(၅၇၅၁)မှ (၆၇၉၅)အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

 

 

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မြန်မာ့ကျောက်မျက်ရတနာ နှင့် လက်ဝတ်ရတနာဈေးကွက် မြန်မာနိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်နေ့အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် ရတနာပြပွဲ ၁၁ ပွဲ၊ ၁၉၇၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် ရတနာ ပြပွဲ ၁၄ ပွဲ၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ရတနာပြပွဲ ၂၁ ပွဲ၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ရတနာပြပွဲ ၃၅ ပွဲ၊ ၂၀၁၁ ခုနှစ်မှစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် ရတနာပြပွဲ ၁၁ ပွဲ စုစုပေါင်း ရတနာပြပွဲ ၉၂ ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

၁၉၆၄ ခုနှစ် ပထမအကြိမ်မှ ၁၉၉၃ ခုနှစ် အကြိမ်(၃၀)မြောက် ရတနာပြပွဲအထိ ရတနာပြပွဲ ၃၁ ပွဲကို ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်တွင်လည်းကောင်း၊ ၁၉၉၃ ခုနှစ် နှစ်လယ်ရတနာပြပွဲမှစ၍ ၂၀၀၆ ခုနှစ် (၄၃)ကြိမ်မြောက် ရတနာပြပွဲအထိ ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ မြန်မာ့ကျောက်မျက်ရတနာခန်းမတွင်လည်းကောင်း၊ ၂၀၀၆ ခုနှစ် အထူးရောင်းချပွဲမှ ၂၀၁၀ ခုနှစ် အထူးရောင်းချပွဲအထိ ရတနာပြပွဲပေါင်း ၁၃ ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင်လည်းကောင်း ကျင်းပခဲ့သည်။

 

၂၀၁၀ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် စတင်ပြောင်းရွှေ့ကျင်းပခဲ့ရာ ၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲအထိ နိုင်ငံခြားငွေဖြင့် ရောင်းချသော ရတနာပြပွဲ ၁၃ ပွဲနှင့် ပြည်တွင်းသုံးကျပ်ငွေဖြင့် ရောင်းချပွဲ ၆ ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းနှင့်  ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၉၃)ပွဲ မြောက်ဖြစ်ကြောင်း သိရသည်။

 

ယခုပြပွဲကို တရုတ်၊ ထိုင်း၊ ကနေဒါ၊ ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့မှ ရတနာ ကုန်သည်များ လာရောက်ကြရာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ပြည်တွင်း ရတနာကုန် သည် ၁၂၀၀ ကျော်နှင့် ပြည်ပ ရတနာကုန်သည် ၃၀၀၀ ကျော် တက်ရောက်လျက်ရှိသည်။

 

မော်စီ(သတင်းစဉ်)