(၄၆) ကြိမ်မြောက် Miss Globe International 2020 ပွဲသို့ အလှမယ် ခခစံ သွားရောက်ယှဉ်ပြိုင်မည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပမည့် (၄၆)ကြိမ်မြောက် Miss Globe International 2020 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် ခခစံ သွားရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

 

အလှမယ် ခခစံအား ရွေးချယ်ခဲ့သော Miss Globe International ၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သည့် Miss Crystal Angel International Myanmar Organization မှ တာဝန်ရှိသူတစ်ဦးက "ဒီပွဲက နိုင်ငံတကာက အလှမယ်များစွာ ပါဝင်ယှဉ်ပြိုင်မယ့် ပွဲကြီးတစ်ခုပါ၊ ဒီပွဲကို အမေရိကန်နိုင်ငံမှာ သုံးနှစ် တစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်၊ နောက်ဆုံးလုပ်ခဲ့တာကတော့ တရုတ်နိုင်ငံမှာပါ။ အခု သီရိလင်္ကာနိုင်ငံမှာ ကျင်းပမယ့်ပွဲကတော့ ၂၀၂၀ အတွက် ပြုလုပ်တဲ့ပွဲပါ၊ ဒီပွဲကြီးရဲ့ အဓိကအချက်က အပြင်ပိုင်း ရုပ်အဆင်းလှတာရော၊ အတွင်းစိတ် ကောင်းမွန်ရမယ်ဆိုတာမျိုးကိုရော အလေးပေး ရွေးချယ်တာပါ၊ ကျွန်တော်တို့ဘက်က Miss Globe နဲ့ ကိုက်ညီမယ့် အလှမယ်မျိုးကို ရွေးချယ်စေလွှတ်တာပါ၊ အလှမယ် ခခစံကို ရွေးချယ်တာက သူက အရင်က အလှမယ်ပွဲတွေမှာ ဆုတွေလည်း ရယူခဲ့ဖူးတယ်၊ ပြိုင်ပွဲအတွေ့အကြုံလည်း ရှိပြီးသားမို့ပါ၊ အခုလောလောဆယ်တော့ သူ့မှာလိုအပ်တဲ့ အချက်လေးတွေကို ကျွန်တော်တို့ သေချာလေ့လာပြီး သင်ကြားပေးနေပါတယ်၊ သူ့ကို ကျွန်တော်တို့ အများကြီး ယုံကြည်ထားပါတယ်၊ သူလုပ်နိုင်မယ်လို့လည်း ထင်ပါတယ်"ဟု ပြောသည်။

 

အဆိုပါ Miss Globe International 2020 ပြိုင်ပွဲသည် အမေရိကန် ပြည်ထောင်စုတွင် တရားဝင် မှတ်ပုံတင်ထားပြီး နှစ်စဉ် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အရည်အချင်းပြည့်ဝသော အလှမယ်များကို ရွေးချယ်ဖော်ထုတ်ပေးနေသည့် ပြိုင်ပွဲဖြစ်ကာ ယခုနှစ် ပြိုင်ပွဲကို သီရိလင်္ကာနိုင်ငံ၌ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း