၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်း ပြည်တွင်းအလုပ်နေရာ ၁၈ဝဝဝ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ၁၄ ဇူလိုင်

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမား လုံလောက်ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအခြေအနေမှာ အစိုးရအလုပ်အကိုင်အနေဖြင့် ၇၃၃ ဦး၊ ပုဂ္ဂလိက အလုပ်အကိုင်အနေဖြင့် ၁၇၆၁၉ ဦး စုစုပေါင်း ၁၈၃၅၂ ဦးရှိကြောင်း သိရသည်။

 

သတင်းစဉ်