၂၀၂၂ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလှေလှော်ပြိုင်ပွဲရန်ကုန်မြို့အင်းယားကန်၌ကျင်းပမည်

ရန်ကုန်  ဇန်နဝါရီ   ၂၂

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်းမြင့်မား‌ရေးနှင့် ထူးချွန်ထက်မြက်‌သော မျိုးဆက်သစ် အားကစားသမားများ‌ ရွေးချယ်နိုင်‌ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ ပူး‌ပေါင်း၍ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။

ရှေ့ဉီးစွာ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာ‌ရေး ဝန်ကြီးမြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့က အဖွင့်အမှာစကား‌ပြောကြားကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကအုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ လိုအပ်ချက်များနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း အစည်းအဝေးသို့ တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်နှင့် တိုင်းဒေသကြီး ဥပဒေချူပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ကနီဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုလို ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲမတိုင်ခင် လိုအပ်ချက်များနှင့် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ရန် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ  အောင်မြင်စွာကျင်းပနိုင်ရေးကို မိမိအနေဖြင့်လည်း အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသား ၁၃ သင်း၊ အမျိုးသမီး ၁၁ သင်း အားကစားသမား စုစု‌ပေါင်း ၃၅၀‌ ကျော် ဝင်‌ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်‌ပြီး ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိ ရန်ကုန်မြို့အင်းယားကန်၌ ကျင်ပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး