၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်ရန် မြန်မာ့လက်ရွေးစင်အသင်း စီစဉ်

၁၀ ဇွန်

 

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာတွင် စတင်ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအတွက် အုပ်စုလက်ကျန်ပွဲများအတွက် ပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အသင်းအပါအဝင် လက်ရွေးစင်အသင်းအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်မှုရပ်နားထားပြီး ရောဂါအခြေအနေအပေါ် မူတည်၍ အမြန်ဆုံးလေ့ကျင့်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရောဂါအခြေအနေအပေါ်မူတည်၍ ပြန်လည်လေ့ကျင့်နိုင်ရန် နည်းပြချုပ်အန်တွမ်နီဟေးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီတို့ ဆွေးနွေးမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းအတွက် လက်ကျန်ပွဲများမှာ အရေးပါလျက်ရှိပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲကို သြဂုတ်တွင် စတင်ကျင်းပရန် လျာထားပြီး ယင်းကာလတွင် စတင်ကျင်းပနိုင်ပါက မြန်မာ့လက်ေရွးစင်အသင်းအနေဖြင့် လေ့ကျင့်မည့်အစီအစဉ်ကို ကလပ်အသင်းများနှင့် ညိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လကနောက်ဆုံးလေ့ကျင့်ခဲ့ပြီး ပဏာမကစားသမား ၂၀ ကျော်ဖြင့် ကာလတို လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု (F) ၌ ပါဝင်နေပြီး ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။ မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် အောက်တိုဘာ ၈ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်