၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ကစားမည်

ရန်ကုန်   ဇန်နဝါရီ   ၂၇

၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု (ဂ) နောက်ဆုံးပွဲအဖြစ် မြန်မာစံတော်ချိန် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနှင့် ဗီယက်နမ်၊ လက်ရှိချန်ပီယံ ဂျပန်နှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု(ဂ)တွင် ဂျပန်နှင့် တောင်ကိုရီးယားက နှစ်ပွဲကစား ခြောက်မှတ်စီဖြင့် ကွာတားဖိုင်နယ် တက်ရောက်ထားပြီး နှစ်သင်းထိပ်တိုက်တွေ့ဆုံမည့်ပွဲမှာ အုပ်စုပထမနေရာအတွက်သာ ကစားရမည်ဖြစ်သည်။ နှစ်ပွဲဆက် အရေးနိမ့်ထားသည့် မြန်မာနှင့် ဗီယက်နမ်ပွဲမှာမူ အနိုင်ရသည့်အသင်းမှာ အုပ်စုတတိယနေရာရယူနိုင် မည်ဖြစ်သည်။ ယခုပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုသုံးခုမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ အသင်းများအနက် အကောင်းဆုံးနှစ်သင်းမှာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့် ဗီယက်နမ်ကိုအနိုင်ရပြီး အုပ်စုတတိယနေရာရပါက ကွာတားဖိုင်နယ်တက်ရောက် ခွင့်မျှော်လင့်နိုင်မည်ဖြစ်ရာ ယခုပွဲမှာ အရေးပါလျက်ရှိသည်။ ကွာတားဖိုင်နယ်ရောက်ရှိသည့် အသင်း အများစုမှာ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့် ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရပါက ယင်းမျှော်လင့်ချက်အကောင်အထည်ဖော် နိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

ယှဉ်ပြိုင်ကစားမည်

အုပ်စု (ခ) နောက်ဆုံးနေ့အဖြစ် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ဩစတြေးလျနှင့် ထိုင်း၊ အင်ဒို နီးရှား နှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု(ခ)တွင်မူ ဩစတြေးလျက ခြောက်မှတ်ဖြင့် ကွာတားဖိုင်နယ်တက်ရောက်ထားပြီး ဖိလစ်ပိုင်နှင့် ထိုင်းက သုံးမှတ်စီရထားကာ အင်ဒိုနီးရှားအသင်း မှာမူ အမှတ်မရသေးပေ။ ထိုင်းအသင်းသည် သြစတြေးလျနှင့် ကစားရမည်ဖြစ်သောကြောင့် ဒုတိယနေရာရယူနိုင်ရန် ခက်ခဲနိုင်ပြီး အင်ဒိုနီးရှားနှင့် ကစားရမည့် ဖိလစ်ပိုင်အသင်းမှာမူ အုပ်စု ဒုတိယ နေရာရယူနိုင်ရန် သေချာသလောက်ရှိနေသည်။

ရဲရင့်လွင်