၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရန် လျှောက်ထား

၂၅ ဇွန်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ကျင်းပမည့် ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် အာရှဘောလုံးအဖွဲ့ချုပ်ထံ တရားဝင် လျှောက်ထားခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုစလုံး၏ ပထမအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရန် စတင်လျှောက်ထားခြင်းဖြစ်ပြီး မြန်မာအသင်းများ တက်ရောက်သည့်အဆင့်အပေါ် မူတည်၍ ဒုတိယအဆင့် ခြေစစ်ပွဲကိုပါ အိမ်ရှင်အဖြစ် ထပ်မံလျှောက်ထားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံရွေးချယ်မှုနှင့်အတူ ခြေစစ်ပွဲကျင်းပမည့် ကာလများကို အတည်ပြုထုတ်ပြန်သွားမည် ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုကို လူငယ်အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၏ သက်တမ်းနှင့်တူညီစေရန် ယူ-၁၉ နှင့် ယူ-၁၆ ပြိုင်ပွဲမှ ယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲအဖြစ် ၂၀၂၂ ပြိုင်ပွဲမှစတင်ကာ ပြောင်းလဲကျင်းပသွား မည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ အာရှ ယူ-၁၉/ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် ၂၀၁၉ အာရှ ယူ-၁၆/ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အောင်မြင်ကာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

 

အာရှ ယူ-၁၉/ယူ-၂၀ ပြိုင်ပွဲတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲနှစ်ခုစလုံးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး အာရှ ယူ-၁၆/ယူ-၁၇ ပြိုင်ပွဲတွင် ဒုတိယအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ယင်းပြိုင်ပွဲနှစ်ခုအတွက် မြန်မာအသင်းများသည် ယခုနှစ်တွင် ယူ-၁၈ အသင်းနှင့် ယူ-၁၅ အသင်းဖွဲ့စည်းကာ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေအေပါ်မူတည်၍ စခန်းဝင် လေ့ကျင့်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်