၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရန် လျှောက်ထား

ရန်ကုန် ၂၄  ဇွန်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင်ကျင်းပမည့် ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရန် အာရှဘောလုံးအဖွဲ့ချုပ်ထံ တရားဝင်လျှောက်ထားခဲ့သည်။

  

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုစလုံး၏ ပထမအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် စတင်လျှောက်ထားခြင်းဖြစ်ပြီး မြန်မာအသင်းများ တက်ရောက်သည့်အဆင့်အပေါ် မူတည်၍ ဒုတိယအဆင့်ခြေစစ်ပွဲကိုပါ အိမ်ရှင်အဖြစ် ထပ်မံလျှောက်ထားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံရွေးချယ်မှုနှင့်အတူ ခြေစစ်ပွဲကျင်းပမည့်ကာလများကို အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခုကို လူငယ်အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၏ သက်တမ်းနှင့်တူညီစေရန် ယူ-၁၉ နှင့် ယူ-၁၆ ပြိုင်ပွဲမှ ယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲအဖြစ် ၂၀၂၂ ပြိုင်ပွဲမှစတင်ကာ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ အာရှ ယူ-၁၉/ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် ၂၀၁၉ အာရှ ယူ-၁၆/ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ အာရှ ယူ-၁၉/ယူ-၂၀ ပြိုင်ပွဲတွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲနှစ်ခုစလုံးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အာရှ ယူ-၁၆/ယူ-၁၇ ပြိုင်ပွဲတွင် ဒုတိယအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ယင်းပြိုင်ပွဲနှစ်ခုအတွက် မြန်မာအသင်းများသည် ယခုနှစ်တွင် ယူ-၁၈ အသင်းနှင့် ယူ-၁၅ အသင်း ဖွဲ့စည်းကာ လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ် မူတည်၍ စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်