၂၀၂၁ ရာသီအတွက် ပြင်ဆင်နေသည့် ရန်ကုန်အသင်း ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ခေါ်ယူ

၂၁ ဇန်နဝါရီ

 

 

၂၀၂၁ ရာသီအတွက် ပြင်ဆင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ထပ်မံခေါ်ယူခဲ့သည်။

 

 

ရန်ကုန်အသင်းသည် ယခုလအတွင်း ကစားသမားသစ်များ ဆက်တိုက်ခေါ်ယူနေပြီး ဇန်နဝါရီ ၂၀ နှင့် ၂၁ ရက်တွင် ပြည်တွင်းကစားသမားနှစ်ဦး၊ ပြည်ပကစားသမားတစ်ဦး ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ဒုတိယမြောက် နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် တိုက်စစ်မှူး ပက်ထရစ်အား တစ်ရာသီစာချုပ်ဖြင့် ဇန်နဝါရီ ၂၀ ရက်က ခေါ်ယူခဲ့သည်။ ပက်ထရစ်သည် ၂၀၁၈ ခုနှစ်ကတည်းက MNL တွင် လာရောက်ကစားနေသူဖြစ်ပြီး ဧရာဝတီ၊ ဇွဲကပင်၊ ဒဂုံနှင့် စစ်ကိုင်းအသင်းတို့တွင် ကစားခဲ့ကာ ပြီးခဲ့သည့်ရာသီက စစ်ကိုင်းအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ရန်ကုန်အသင်းသည် လာမည့်ရာသီအတွက် နိုင်ငံခြားသားကစားသမားနှစ်ဦး ခေါ်ယူထားပြီး ပက်ထရစ်မတိုင်မီက ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား အီမာဆင်ကို ခေါ်ယူထားသည်။ ထို့ပြင် ရန်ကုန်အသင်းသည် ပြည်တွင်းကစားသမားသစ်များအဖြစ် အသင်းဖျက်သိမ်းသွားသည့် မကွေးအသင်းမှ တိုက်စစ်မှူး ပြည်မိုးနှင့် နောက်ခံလူ ဟိန်းထက်စည်သူတို့ကို နှစ်နှစ်စာချုပ်ဖြင့် ဇန်နဝါရီ ၂၁ ရက်က ခေါ်ယူခဲ့သည်။ ရန်ကုန်အသင်းသည် ပြည်မိုးနှင့် ဟိန်းထက်စည်သူမတိုင်မီက ပြည်တွင်းကစားသမားများအဖြစ် လွင်မိုးအောင်၊ စိုးမိုးကျော်၊ ဝင်းနိုင်ထွန်း၊ ကျော်ဖြိုးဝေ၊ ဇော်ဝင်း၊ သီဟတို့အား ခေါ်ယူထားသည်။

 

 

ရန်ကုန်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့သောကြောင့် လာမည့်ရာသီတွင် အောင်မြင်မှုရရန် ပြင်ဆင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်တွင်းကစားသမား ရှစ်ဦး၊ နိုင်ငံခြားသားကစားသမား နှစ်ဦး ခေါ်ယူထားပြီးဖြစ်သည်။

 

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ရန်ကုန်အသင်း