၂၀၂၁ အာရှအဆင့် ကလပ်ပြိုင်ပွဲများ၏ ခြေစစ်ပွဲများကို ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်

mdn

ရန်ကုန် ၂၇ အောက်တိုဘာ

 

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၁ အာရှအဆင့် ကလပ်ပြိုင်ပွဲများ၏ ခြေစစ်ပွဲများကို ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဒေသတွင်းမှ ကလပ်အသင်းများအတွက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲတို့ ကျင်းပလျက်ရှိပြီး ယင်းပြိုင်ပွဲနှစ်ခုစလုံး၏ အကြိုခြေစစ်ပွဲနှင့် Play-off ပွဲစဉ်များကို ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်သည်။ မြန်မာကလပ်အသင်းများအနက် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယဆုရခဲ့သည့် ဟံသာဝတီအသင်းသည် AFC Cup ပြိုင်ပွဲခြေစစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် ခြေစစ်ပွဲမအောင်ခဲ့သောကြောင့် လာမည့်ခြေစစ်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဟံသာဝတီအသင်းမှာမူ အာရှအဆင့် ကလပ်ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရသည့် ခုနစ်သင်းမြောက် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းဖြစ်လာသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင်ကျင်းပမည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲနှင့် နောက်ဆုံးအဆင့်ပွဲစဉ်များကျင်းပမည့်ရက်ကို နှစ်ကုန်ပိုင်းတွင် အတည်ပြုထုတ်ပြန်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ