၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ    ၈

 

၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “တပည့်များကို အတတ်ပညာသာမက လူမှုကျင့်ဝတ်၊ လိုက်နာဖွယ် ပြည်သူ့နီတိများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့်အတူ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်ခင်၍ စိတ်ဓာတ်ကောင်းများ လိုက်နာစွဲမြဲစေရန် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ် လှပရန် ဆရာ့ဘဝ အလေးထား တန်ဖိုးမြှင့်ပြီး ဆရာ့လုပ်ငန်းတာဝန်များကို ကျေပွန်အောင် စွမ်းဆောင်ကြရန်နှင့် နိုင်ငံအတွက် အားထားရသော ဝန်ထမ်းကောင်းဆရာ၊ ဆရာမများ ဖြစ်ကြရန်” အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဖြူဦးတို့က မြို့နယ်အလိုက် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်၍ လက်ထောက်အလယ်တန်းပြ အလုပ်ခန့်အပ်သည့် အမိန့်စာများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ကာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးက လက်ထောက်မူလတန်းပြ အလုပ်ခန့်အပ်သည့် အမိန့်စာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(‌တောင်ကြီး)