၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် အာဆီယံအဆင့်ပြိုင်ပွဲများ ထုတ်ပြန်

၁၇ ဖေဖော်ဝါရီ

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ပြီး ပြိုင်ပွဲကိုးခုအထိ ကျင်းပသွားမည်ဖြစ်သည်။


ယခုနှစ်တွင် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပါအဝင် အမျိုးသမီးလက်ရွေးစင်အသင်းပြိုင်ပွဲ၊ လူငယ်ပြိုင်ပွဲ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။


ပြိုင်ပွဲများကို အစောဆုံး ဧပြီ သို့မဟုတ် မေလတွင် စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံများ အတည်ပြု ထားပြီးဖြစ်သော်လည်း အချို့ပြိုင်ပွဲများကိုမူ ကျင်းပမည့်ကာလ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။

 

1

 


 ပြိုင်ပွဲများအနက် အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ အမျိုးသားပြိုင်ပွဲတို့ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ အာဆီယံ ဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲနှင့် အာဆီယံ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုမူ အိမ်ရှင်နိုင်ငံရွေးချယ်ခြင်းမရှိဘဲ ပြိုင်ပွဲဝင်နိုင်ငံများတွင် ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲတွင်လည်း ပြန်လည်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းအသင်းများအနက် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း၊ ယူ-၁၆ အမျိုးသားအသင်း၊ ယူ-၁၉ အမျိုးသားအသင်းတို့မှာ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ကျန်အသင်းများမှာမူ ပြိုင်ပွဲအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်မဟုတ်ဘဲ အခြားနိုင်ငံများ၌သာ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ၊ ဖူဆယ်အသင်းများမှာ ယခုနှစ်တွင် အောင်မြင်မှုရယူနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ၊
ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


 သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်