၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိဇ္ဇာဘာသာတွဲ၌ ဘာသာစုံဂုဏ်ထူးဖြင့် တပြည်လုံးတွင်  ပထမဆုရသူနှင့် ၅ ဘာသာဂုဏ်ထူးဖြင့် ဒုတိယဆုရသူတို့အား ပညာသင်ဆု ဂုဏ်ပြုဆိုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  ၁၇  ဩဂုတ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ) တွင် တစ်ပြည်လုံး အမှတ်အများဆုံး (၆) ဘာသာ ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆုရရှိသည့် မောင်ဝေယံလင်းကျော်နှင့် ဒုတိယဆုရရှိ သော (၅) ဘာသာဂုဏ်ထူးရှင် မစုပိုပိုအောင်တို့ နှစ်ဦးသည် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသရှိ အထက-ရေနံတောင်ရွာမှ ထူးထူးခြားခြား ထွက်ပေါ်လာသဖြင့် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဦးတင်ညိုတို့ အမှူးပြုသည့် ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့က ချီကျူးဂုဏ်ပြုပွဲနှင့် ပညာသင်ဆုပေးအပ်ပွဲကို ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

 

အဆိုပါဂုဏ်ပြုပွဲသို့ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား အုပ်ချုပ်ရေး အဖွဲ့ဝင် ညွှန်ကြားရေးမှူး-ပညာ(ငြိမ်း) ဦးမြင့်ဆွေနှင့် ဦးအေးကြိုင်၊ ကြံခင်းမြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော် ဆောင်များ၊ ဘာသာစုံဂုဏ်ထူး ထွက်ရန် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ ထူးချွန်ဆုရရှိသူ ကလေးနှစ်ဦး၏ မိဘများနှင့် အထက-ရေနံတောင်နှင့် ပတ်ဝန်းကျင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပညာသင်ဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ပညာတန်းဆောင် အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဆရာကြီးဦးအေးကြိုင်က ဂုဏ်ပြုစကားပြောကြားပြီး ထူးချွန်သူ ကလေးတစ်ဦးစီအား ဆရာကြီး ဦးမြင့်ဆွေက ပညာသင်ဆုများ ဂုဏ်ပြုချီမြှင့်ကာ မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

 

ထိုအပြင် အထက-ရေနံတောင်ရွာမှ ဝိဇ္ဇာဘာသာတွဲတွင် တပြည်လုံး ပထမနှင့်​ ဒုတိယဆုတို့ကို ရရှိကြသူများနှင့်အတူ ကြံခင်းမြို့နယ်မှ အလွတ်ဖြေဆိုသော မောင်မင်းခန့်စည်သူကိုလည်း ဝိပ္ပံဘာသာတွဲ၌ တပြည်လုံးတွင် အဋ္ဌမရရှိခဲ့သဖြင့် ယင်းအခန်းအနားတွင် မြို့နယ်ဂုဏ်ဆောင်အဖြစ် ထည့်သွင်းဂုဏ်ပြုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ထူးချွန်သူ (၁၀)ဦး၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာသည့် အခါ ကျောင်းတစ်ကျောင်းထဲက ပထမဆုနှင့် ဒုတိယဆုကိုပါ မောင်ဝေယံ လင်းကျော် နှင့် မစုပိုပိုအောင် တို့နှစ်ဦးသည် ဘာသာစုံ (၆) ဘာသာ၊ (၅) ဘာသာတို့ဖြင့် အောင်မြင်ခြင်း သည်လည်း ပညာရေးသမိုင်းတွင် ပထမဦးဆုံးအကြိမ်ဖြစ်၍ ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ ဆရာကြီး၊ ဆရာမကြီးများက ကြည်နူး ဝမ်းမြောက်ဂုဏ်ယူစွာ ပညာသင်ဆုများ သွားရောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွွဲ့မှ သိရှိရသည်။

သတင်းစဉ်