နေပြည်တော် ၁၉ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစား ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားကာ ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစား ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယနေ့ပြိုင်ပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ (၅)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၄ ရက်အထိ ပြိုင်ပွဲဝင်အသင်း (၁၃)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား (၂၂၄)ဦးဖြင့် ဝဏ္ဏသိဒ္ဓိ ဘောလုံးလေ့ကျင့်ရေးအားကစားကွင်း (၁)နှင့် ကွင်း(၃)တို့၌ နေ့စဉ် နံနက် ၇ နာရီခွဲနှင့် မွန်းလွဲ ၃ နာရီတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။
MDN
Source: လူထုအားကစားနှင့်ပညာပေးဌာနခွဲ