၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကိုဗစ် - ၁၉ ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း

 

၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကိုဗစ် - ၁၉ ဆိုင်ရာ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဇူလိုင်လ ရက်က သတင်းထုတ်ပြန်  ကြေညာခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကာလသည်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ကာလနှင့်လည်း တိုက်ဆိုင်လျက် ရှိသည်။ ထို့ကြောင့် အဆိုပါရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး ကဏ္ဍ ဆောင်ရွက်ထားရှိမှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်နှင့် မြန်မာ့သတင်းစဉ်တို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 (မေး)         ဆန္ဒမဲစာရင်း ကောက်ယူကြမယ့် ဝန်ထမ်းတွေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ဖို့ကျန်းမာရေးကဏ္ဍအနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားသလဲဆိုတာ သိပါ ရစေ။

ဒေါက်တာသန္တာလွင်(ဖြေ)          ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ လာမယ့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အပါအဝင်အခြားနှီးနွယ်ဝန်ကြီးဌာနတွေ၊ အကြံပေး ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရွေးကောက်ပွဲမှာမဲပေးကြမယ့် မဲဆန္ဒ ရှင်ပြည်သူတွေ၊ မဲစာရင်းကောက်ယူမယ့် ဝန်ထမ်းတွေ၊မဲရုံတာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ၊ ပါတီကိုယ်စားလှယ်တွေ၊ မီဒီယာတွေ၊ စောင့်ကြည့်လေ့လာသူတွေ စတဲ့ပါဝင်ဆောင်ရွက်သူ အားလုံး လိုက်နာရမယ့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်အပေါ် အကြံပြု ဆောင်ရွက်ထားရှိပြီးလဲ ဖြစ်ပါတယ်။

မဲစာရင်းကောက်ယူမယ့် ဝန်ထမ်းတွေ၊မဲရုံတာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း တွေ အတွက်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းသင်တန်းတွေကို Video Conferencing Methodနဲ့ပြုလုပ်ပါမယ်။ ရွေးကောက်ပွဲလုပ်ငန်းလမ်းညွှန်မှာလဲ ကျန်းမာရေးဆိုင်ရာလိုက် နာရမယ့်အချက်တွေကိုတိကျစွာ ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်မဲစာရင်းကောက်ယူ မယ့်ဝန်ထမ်းတွေအတွက်Mask တွေ၊ Rubber Glove တွေ၊ Face Shield တွေ၊ Hand Gel တွေကိုလုံလောက်စွာရရှိအသုံးပြုစေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြံပြုသွားမှာဖြစ်ပါတယ်။

မေး။   ဆန္ဒမဲပေးကြမယ့် ပြည်သူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုတွေကို သိလိုပါတယ်။

ဖြေ။   အခုကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး ဆန္ဒမဲပေးတဲ့ ရာခိုင်နှုန်းမြင့်မား စေဖို့နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျော့နည်းသွားခြင်းမရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ အခုအခါ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်လို့ မဲဆန္ဒ ရှင်ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ မိမိကိုယ်ကို ရောဂါကူး စက်ခြင်းမရှိအောင် ကာကွယ်ရင်း အားလုံးမဲပေးနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေဟာ အများအားဖြင့် ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာတဲ့သူတွေမှာ သာအများဆုံးတွေ့ရှိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ  လက္ခဏာ တစုံတရာ မပြသူတွေမှာလည်း ရောဂါပိုးတွေ့ရှိရပြီး အခုတွေ့ရှိထားတဲ့  လူနာတွေ ရဲ့ ထက်ဝက်ကျော်ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲပေးရာမှာ ကိုဗစ်-၁၉ ရောဂါကူး စက်မှုတားဆီး နိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်တမ်းတင်ဗီဒီယိုတွေ ပူးပေါင်းရိုက်ကူးပြီး ကျန်းမာရေးအသိပညာပေး လုပ်ငန်းတွေကိုမီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မဲစာရင်းကပ်တဲ့ နေရာတွေကို နေရာတိုးချဲ့ ဆောင်ရွက်ခြင်း၊ မဲစာရင်းကပ်တဲ့နေရာတွေမှာ Social distancing မူတွေနဲ့ အညီ ဆောင်ရွက်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုထားပါတယ်။

ဒါ့အပြင် မဲပေးဖို့လာတဲ့ ပြည်သူလူထုအနေနဲ့ မဖြစ်မနေ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့ ကြိုတင်အသိပေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးနဲ့အညီ လုံခြုံစိတ်ချရတဲ့ မဲပေးခြင်း ပြုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းတွေကို လုပ်ငန်းလမ်းညွှန်တွေမှာပါဝင်တဲ့ အတိုင်း Social distancing အနေနဲ့ တစ်ဦးနဲ့တစ်ဦး ()ပေခြား တန်းစီပြီး မဲပေးနိုင်ဖို့ စီစဉ်ခြင်း၊ မဲရုံဝင်ပေါက်မှာ အဖျား ရှိ မရှိ အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ဖျားခြင်း၊ ချောင်းဆိုး ခြင်းနဲ့နှာချေခြင်း ရောဂါလက္ခဏာ ရှိနေသူတွေကို မဲရုံအတွင်းဝင်ရောက် မဲပေးနိုင်ဖို့ ဖျားနေ တဲ့သူကို မျက်နှာအကာ (Face shield)တပ်ပြီး သီးသန့်စောင့်ဆိုင်း ဦးစားပေး မဲပေးနိုင်ဖို့ စီစဉ်ခြင်း၊ ကိုယ်ပိုင်ဘောလ်ပင်များ အသုံးပြုစေခြင်း၊ မဲရုံအတွင်း လက်သန့် ဆေးရည်များလုံ လောက်စွာ ထားရှိခြင်း စတာတွေကို စီစဉ်ဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုထားပါတယ်။

မေး။   ကြိုတင်မဲပေးမယ့်သူတွေအတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဖို့ ဘယ်လိုပြင်ဆင် ဆောင်ရွက်ထားပါသလဲ။

ဖြေ။   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်သန့်ရှင်းရေး အထူးအလေးပေးဖို့၊ ကြိုတင်မဲပေးရာ မှာကူညီ ဆောင်ရွက်ကြမယ့် သူတွေအနေနဲ့လည်းလုပ်ငန်းလမ်းညွှန်မှာပါတဲ့အတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း(Mask)တွေ၊ မျက်နှာအကာ(Face shield)တွေ၊ လက်အိတ်(Glove) တွေ အသုံးပြုဆောင်ရွက်သွားဖို့ အကြုံပြုထားပါတယ်။

မေး။ မဲရုံတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ ဘယ်လိုပြင်ဆင်ကြမယ်ဆိုတဲ့ စံသတ်မှတ်ချက် တွေရှိပါသလား။

ဖြေ။ မဲရုံတွေမှာ ကိုဗစ် -၁၉ ရောဂါကာကွယ်ဖို့ ကျန်းမာရေးနဲ့အညီ စံကိုက်ဆောင်ရွက်ထားတဲ့ မဲရုံတွေဖြစ်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းဆန်းစစ် စစ်ဆေးဖို့ စာရင်း Check List တွေ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ လုံခြုံ စိတ်ချရတဲ့မဲပေးခြင်းနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းလမ်း ညွှန်တွေမှာ ပါဝင်တဲ့ အတိုင်းမဲရုံတွေမှာထားရှိမယ့်အစီအမံတွေဖြစ်တဲ့ Social distancing ()ပေ ခွာပြီး ဆောင် ရွက်ခြင်း၊ မဲရုံနဲ့မဲရုံသုံးပစ္စည်းတွေကို ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်နဲ့ ရွေးကောက်ပွဲ ကျင်းပပြီး နောက်ရက်တွေမှာပိုးသန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊ မဲရုံပြင်ပတန်းစီရာမှာ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စီမံခန့်ခွဲဖို့ မဲရုံဝန်ထမ်းတစ်ဦး တာဝန်ချထားခြင်း၊ မဲရုံမှာ ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်တွေ သီးသန့်တာဝန်ယူကြီးကြပ် ဆောင်ရွက်ဖို့အတွက် ဒုတိယ မဲရုံမှူး (သို့မဟုတ်) သင့်လျော်မည့်သူတစ်ဦးကို တာဝန်ချထား ဆောင်ရွက်ခြင်း၊ မဲရုံအဖွဲ့ဝင် တွေကို မဲရုံမဖွင့်မီနဲ့မဲရုံဖွင့်ပြီး ကာလတွေမှာ သံသယရောဂါ လက္ခဏာများ ရှိ/မရှိစစ်ဆေးခြင်း၊ မဲဆန္ဒရှင်များမဲရုံအတွင်းမဝင်မီကိုယ်အပူချိန်စစ်ဆေးခြင်း၊ မဲရုံအတွင်း ရေမလိုလက်သန့် ဆေးရည် တွေကိုစားပွဲတိုင်းမှာ လုံလောက်စွာထားရှိခြင်း၊ မဲဆန္ဒရှင် တွေမဲရုံ ကိုစတင်ဝင် ရောက်တဲ့အချိန်ကစပြီး အဆင့်တိုင်းမှာလက်သန့်ဆေးရည် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် ခြင်း၊ မဲရုံတစ်ရုံအတွင်းမှာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ် အရေအတွက်သတ်မှတ်ဆောင်ရွက်ခြင်း၊ မဲရုံအတွင်း လေဝင် လေထွက်ကောင်းမွန်စေဖို့ ပြတင်းပေါက်များ ဖွင့်ထားခြင်းစတာတွေကို ဆောင်ရွက် ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်တဲ့ မဲရုံတွေ ဖြစ်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင်သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

မေး။   မဲရုံတာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေအတွက် ကိုဗစ် - ၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတွေကိုလည်း သိရှိလိုပါတယ်။

ဖြေ။   မဲရုံတာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေ ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ် နိုင်ဖို့အတွက် ရွေးကောက်ပွဲတာဝန်ကျဝန်ထမ်းတွေ၊ ပါတီကိုယ်စားလှယ်တွေ၊ စောင့်ကြည့်သူ တွေနဲ့မီဒီယာတွေမှာ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ဖြစ်ပွားနေ သူတွေတွေ့ရှိရင် (သို့မဟုတ်) အဆိုပါပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့သူတွေမှာ ရောဂါ လက္ခဏာများ ဖြစ်ပွားရင် မဲရုံကို လာရောက်တာဝန်မထမ်းဆောင်ဖို့နဲ့ ပတ်သက်ပြီး လုပ်ငန်းလမ်းညွှန်တွေမှာ ထည့်သွင်းသွားပါမယ်။ မဲရုံတာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်  Video Conferencing Method/video clip တွေနဲ့ သင်တန်းပေးသွားပါမယ်။ ရွေးကောက်ပွဲလုပ်ငန်းလမ်းညွှန်မှာဖော်ပြထားတဲ့ ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့်အချက်တွေကို တိကျစွာလိုက်နာကြဖို့ကို အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတာဝန်ကျ ဝန်ထမ်းတွေ ကို ပါးစပ်နဲ့နှာခေါင်းစည်း (Mask)တွေ၊ မျက်နှာအကာ(Face shield)တွေ၊ လက်အိတ် (Glove) တွေမဖြစ်မနေဝတ်ဆင်ရေး၊ မဲရုံအဝင်ပေါက်အဖျားတိုင်းတာမယ့်သူကို အဆိုပါ ရောဂါ ကာကွယ်ရေးပစ္စည်းတွေအပြင် ရင်ကာ (Apron)တွေပါ ထောက်ပံ့ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အခြားနှီးနွယ်ဝန်ကြီး ဌာနတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

မေး။ မဲရေတွက်တဲ့သူတွေ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ ရွေးကောက်ပွဲ သတင်းလာရောက်ရယူတဲ့သူတွေအတွက် ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားပါသလဲ။     

ဖြေ။   ကျန်းမာရေးရှုထောင့်က နေဦးစားပေးဆွေးနွေးလိုတာကတော့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ၊ သတင်းလာရောက်ရယူတဲ့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကျန်းမာရေး ဆိုင်ရာ အသိပေးချက်၊ အကြံပြုချက်တွေကို အထူးသတိပြုတိတိကျကျ လိုက်နာဆောင်ရွက် သွားဖို့ မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုပါတယ်။ မဲရေတွက်တဲ့ သူတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းလာရောက်ရယူမယ့်သူတွေဟာ Social Distancing လက်သန့်ရှင်းရေးနဲ့ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နဲ့နှာခေါင်းစည်း (Mask)နဲ့ လက်အိတ် (Glove)ဝတ်ဆင်ခြင်းတွေကို အတိအကျလိုက်နာဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲရုံတစ်ခုရဲ့ အကျယ်အဝန်းပေါ်မူတည်ပြီး ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတွေနဲ့ သတင်းလာရောက်ယူမယ့်သူတွေရဲ့ အရေအတွက်သတ်မှတ်ချက်ကို တိတိကျကျလိုက်နာ ဆောင်ရွက်ပေးကြဖို့ အထူးအရေးကြီးပါတယ်။

မေး။   အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း သိပါရစေ။

ဖြေ။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနရဲ့ အကြံပြုချက်တွေနဲ့ ရောဂါဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ဒီလိုအောင်မြင်မှုအပေါ်မူတည်ပြီး ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနအနေနဲ့ COVID-19 ရောဂါဖြစ်ပွားမှု ကပ်ရောဂါဗေဒအခြေအနေတွေကို သုံးသပ်ပြီး ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များထုတ်ပြန်ခြင်း၊ လိုအပ်တဲ့နည်းပညာနဲ့ အရင်းအမြစ်များ ပံ့ပိုးခြင်းစတာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာ အပါအဝင်ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို COVID-1 9ရောဂါကူးစက်မှုမရှိစေရေးနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်ဖို့ကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်တွေမှာ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီ တွေကို ဖွဲ့စည်းပြီး အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မင်းမင်းဇော် (သတင်းစဉ်)                                                

 ဓာတ်ပုံ - မောင်ဖိုးဇော်