၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား Online စနစ်ဖြင့်ကျင်းပ

နေပြည်တော်   ၃  ဇူလိုင် 

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို Online အခမ်းအနားအဖြစ် ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။ 

 

အခမ်းအနားသို့ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ပညာရှင်များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့(၁၁)ဖွဲ့မှ ကိုယ်စားလှယ်များ၊ Online မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ UN အဖွဲ့မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ကြသည်။

 

အဆိုပါ အခမ်းအနားကို video clip ဖြင့် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်း ထုတ်လွှင့် ပြီး အခမ်းအနားအား စတင်ဖွင့်လှစ်သည်။ ထို့နောက် အမျိုးသမီးများနေ့ အထိမ်းအမှတ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည့် မိန့်ခွန်းသဝဏ်လွှာအား video clip ဖြင့် ထုတ်လွှင့်သည်။ 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  ယခုနှစ် (၂၀၂၀) ပြည့်နှစ်သည် ကိုဗစ်-၁၉ ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါကြောင့် စိန်ခေါ်မှုများသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများ၊ ပွဲအခမ်းအနားများအား ပုံစံအသစ်ဖြင့် ဆောင်ရွက်နေကြရပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် ဦးစားပေး ဆောင်ရွက်နေကြရင်း ကန့်သတ်မှုများ၊ ပိတ်ပင်မှုများကို မလွှဲသာမရှောင်သာ ပြုလုပ်ရသည့်အတွက် လူမှုစီးပွားရေးဆိုင်ရာ အကျိုးဆက် များကို နိုင်ငံအလိုက် အနည်းနှင့်အများ ခံစားနေကြရပါကြောင်း၊ အမျိုးသမီးများသည် အမျိုးသား များထက် ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားကြရပြီး ကျား၊မ အခြေပြု အကြမ်းဖက်မှုများ၊  အိမ်တွင်းအကြမ်းဖက်မှုများ များပြားလာသည်ဟု ဆိုကြ‌ကြောင်း၊ မိမိတို့နိုင်ငံတွင် အကြမ်းဖက်မှုများ ယခုထိများပြားလာသည်ကို မတွေ့ရသေးခြင်းကို ဆက်လက်ထိန်းထားရန်လိုပါကြောင်း။

 

 အိမ်တွင်မိသားစုပြုစု စောင့်ရှောက်ရသော တာဝန်ကို အမျိုးသမီးအများစုကတာဝန်ယူ ဆောင်ရွက်ရလေ့ရှိပါကြောင်း၊ မိသားစုဆိုသည်မှာ လူမှုအသိုင်းအဝိုင်း၏အခြေခံဖြစ်ပါကြောင်း၊ မိသားစုဝင်များက ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊  မိသားစုစိတ်ဓာတ်နှင့် ကိုယ်ချင်းစာတရားသည် မြန်မာလူမျိုးများ၏ အခြေခံ စံနှုန်းများဖြစ်ပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာတရားနှင့်အတူတကွ ကြိုးစားဆောင်ရွက် ကြမည်ဆိုပါက ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ အခက်အခဲများကို ကျော်လွှားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် အရေးကြီးသည့် တစ်ချက်မှာ ရင်ဆိုင်ရသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲနိုင်စွမ်းပင် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်မှု၊ လူမှုရေးဆောင်ရွက်မှု ပုံစံများအား ပုံစံအသစ်နှင့်ပြောင်းလဲပြီး ချိတ်ဆက်ကြရမည်ဖြစ်ကြောင်း။

 

 ကိုဗစ်-၁၉ ကာလတွင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း လည်းရှိပါကြောင်း၊  တစ်ပိုင် တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ပြီး Online ဖြင့် ရောင်းချနေကြကြောင်း၊ Online သင်တန်းများ ဖွင့်လှစ်ခြင်း၊ အထည်ချုပ်စက်ရုံများအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်သည့် အကာအကွယ် ပစ္စည်းများချုပ်ခြင်းကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြ အခြေခံအနေအထား များ မတူပါကြောင်း၊ ပုံစံသစ်နှင့်ရှေ့ဆက်သည့်နေရာတွင် မတူသော်လည်း မျှတနိုင်ရန်၊ မည်သူမျှမကျန်ရစ်စေရန် နိုင်ငံတော်ဘက်က လိုအပ်သည့်အကာအကွယ်ပေးမှုများ၊ လူမှုရေးဝန်ဆောင်မှု၊ ချေးငွေထောက်ပံ့မှုများ၊ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် အခြေခံ လူတန်းစား မိသားစုဝင်များအတွက် ဝန်ထုပ်ဝန်ပိုး သက်သာစေမည့် အစီအစဉ်များ၊ ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးများအတွက် ထောက်ပံ့ပေးသည့် အစီအစဉ်များအပြင် စီးပွားရေး ထိခိုက်မှု သက်သာစေရန်စီမံချက် COVID-19 Economic Relief Plan (CERP) ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဘက်ကလည်း နိုင်ငံတော်နှင့် ပူးပေါင်းနိုင်ရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ကျားမ တန်းတူညီမျှရေးကိုမြှင့်တင်ရန် အဓိကကျသည့် နှစ်တစ်နှစ်ဖြစ်သည့်အတွက် အမျိုးသမီးများ၏အခန်း ကဏ္ဍနောက်ကျန်မနေစေရန်လည်း ဝိုင်းဝန်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း။

 

 အမျိုးသမီးများအနေဖြင့် နိုင်ငံ၏လိုအပ်ချက်များကို အမျိုးသားများ နှင့်တန်းတူ မည်သည်တို့ကို ဖြည့်ဆည်းပြီး နိုင်ငံတော်၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများကလည်း မည်သို့ကူညီ ဆောင်ရွက်ပေးမည်ကို စဉ်းစားကြရန်လိုပါကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်၊ အခက်အခဲများကိုတင်ပြခြင်း၊ လိုအပ်မည့်ကျွမ်းကျင်မှုများကို သင်ကြားပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကူညီဆောင်ရွက်ပေး ခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောလိုပါကြောင်း။

 

  နိဂုံးချုပ်အနေဖြင့် လူမှုအဖွဲ့အစည်းများ တည်ဆောက်မည့်နေရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါ ပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာစိတ်ဓာတ်များနှင့် ကြံ့ကြံ့ခံနိုင်ရန် တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊  အမျိုးသမီးများနှင့် နိုင်ငံ၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးမည့်နေရာတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးစားကြ စေလိုပါကြောင်း၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် အင်အားနှင့်ကြံ့ကြံ့ခံနိုင်သည့် စိတ်ဓာတ် ခွန်အားများကို မျိုးဆက်သစ်အသီးသီးကို ဆက်လက် ဆင့်ကမ်းအမွေပေးသွားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တေးဂီတနှင့်တွဲဖက်၍ ကိုယ် ကာယကြံ့ခိုင်မှု  လေ့ကျင့်ခန်းသရုပ်ပြခြင်းအား video clip ဖြင့် ပြသသည်။

 

ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲအား "ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့်စိန်ခေါ်မှုများ” “Role and Challenges of  Women in Covid-19 Response " ခေါင်းစဉ်ဖြင့်ဆောင်ရွက်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် UMFCCI မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ကိုဗစ်-၁၉ တုံ့ပြန် ရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်း ကဏ္ဍနှင့် ၎င်းတို့တွေ့ကြုံရသော အခက်အခဲများ၊ ကျော်လွှားနိုင်သောနည်းလမ်းများကို ဖော်ထုတ်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ 

 

ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ 

 

ထို့နောက် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID -19) ကူးစက်ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ၌ ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအား မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ကျန်းမာ ရေးဝန်ထမ်းများ အားလုံးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ထံ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေးအပ်သည်။ 

 

မြန်မာအမျိုးသမီးများနေ့ အကြိုစကားဝိုင်းဆွေးနွေးပွဲများကို တစ်ပတ်ကြိုတင်၍ ကျန်းမာရေး ကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများအလိုက်သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေး ခဲ့ကြပြီး ထိုအကြိုညှိနှိုင်း ဆွေးနွေးပွဲ ရလဒ်များ အပေါ်ယနေ့စကားဝိုင်းတွင် အမျိုးသမီးများ ကိုဗစ်-၁၉ စိန်ခေါ်မူများကို ကျော်လွှားနိုင်ရေး လိုအပ်သောမူဝါဒများ၊ လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)