၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ(၅) မြန်မာနိုင်ငံအမျိုးသမီးများ

မောင်စာဂ

 

တတိယအကြိမ်လ ွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကြီးကို ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပ သွားရန်ရှိပါသည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ရွေးကောက်ပွဲများတွင် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်မှု အခန်းကဏ္ဍ မည်သို့ရှိသနည်း။ သမိုင်းကြောင်းဖြစ်စဉ် အနှစ်ချုပ်မျှဝေပါရစေ။


အမျိုးသမီးများနှင့် ရွေးကောက်ပွဲ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရလည်းကောင်း၊ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်းကောင်း မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်အတူ လွှတ်တော်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံခွင့်ရှိကြသည်။ အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကလည်း ၁၉၂၉ ခုနှစ်မှစ၍ မြန်မာအမျိုးသမီးများ လွှတ်တော်သို့ အရွေးခံခွင့်ရရှိခဲ့ကြသည်။

 

ပထမဦးဆုံး မြန်မာအမျိုးသမီးမင်းတိုင်ပင်အမတ်

မြန်မာနိုင်ငံ၏ လွှတ်တော်သမိုင်းကို ပြန်ကြည့်လျှင် အင်္ဂလိပ်ကိုလိုနီခေတ်က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများ တွင်ပင် မြန်မာအမျိုးသမီးများသည် အမျိုးသားများနည်းတူ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ကြသည်ကို တွေ့ရသည်။ ၁၉၂၉ ခုနှစ်တွင် ၉၁ ဌာနအုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲကျင်းပစဉ်က အမျိုးသမီးအမတ်လောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်သူ ကိုးဦးရှိသည်။ ယင်းကိုးဦးအနက် မော်လမြိုင်မှ အမတ်လောင်း ဒေါ်နှင်းမြသည် အရွေးခံရသဖြင့် မြန်မာနိုင်ငံ တွင် ပထမဦးဆုံးအမျိုးသမီး မင်းတိုင်ပင် အမတ်ဖြစ်လာခဲ့သည်။ ဒေါ်နှင်းမြသည် မွန်တိုင်းရင်းသူဖြစ်ပြီး ဝံသာနု ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင်၏ နှမအရင်းဖြစ်သည်။


တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အောင်ဆန်း အက်တလီစာချုပ်အရ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ နယ်ခြားဒေသများမှ အမတ် ၄၄ ဦးအပါအဝင် စုစုပေါင်း ၂၅၄ ဦး ရွေးကောက် တင်မြှောက်ခံရသည်။ ယင်းသို့ ရွေးကောက်တင်မြှောက်ခံရသည့် အမတ်များထဲတွင် အမျိုးသမီးအမတ် များအဖြစ် ဒေါ်လှရှင်၊ ဒေါ်စောရွှေနှင့် ဒေါ်ခင်လှတို့ သုံးဦး ပါဝင်သည်။

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ဇနီး ဒေါ်ခင်ကြည်၊ ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင်၊ ဦးဘချို၏သမီး ဒေါ်ခင်နု၊ သခင်မြ၏ဇနီး ဒေါ်ခင်ညွန့်တို့သည် သက်ဆိုင်ရာမဲဆန္ဒနယ်များမှ လွှတ်တော်အမတ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။


ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများ

ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည်။ ၁၉၅၁ ခုနှစ်နှင့် ၁၉၅၂ ခုနှစ်တို့တွင် ကျင်းပသော ရွေးကောက်ပွဲများအတွက် အမျိုးသမီးအမတ်လောင်းများ ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်ဦး၊ လူမျိုးစုလွှတ်တော်မဲဆန္ဒနယ်တွင် တစ်ဦး ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၅၆ ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲအတွက် အမျိုးသမီး အမတ်လောင်းများ ၁၄ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစ်ဦး၊ လူမျိုးစုလွှတ်တော်မဲဆန္ဒနယ်တွင် သုံးဦး ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၆၀ ပြည့်နှစ်တွင်ကျင်းပသော ရွေးကောက်ပွဲအတွက် အမျိုးသမီးလွှတ်တော် အမတ်လောင်းများ ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်ဦး၊ လူမျိုးစု လွှတ်တော်မဲဆန္ဒ နယ်တွင် နှစ်ဦး ရွေးကောက်တင်မြှောက် ခံရသည်။


လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲများ

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲများကို ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ စုစုပေါင်းလေးကြိမ် ကျင်းပခဲ့သည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပုံစံမဟုတ်ပါ။ တစ်ပါတီစနစ် ရွေးကောက်ပွဲဖြစ်သည်။ ပြည်သူ့လွှတ်တော် တစ်ရပ် တည်းသာရှိသည်။ ၁၉၇၃ ခုနှစ်တွင် ကျင်းပသော ပထမအကြိမ်ရွေးကောက်ပွဲတွင် အမျိုးသမီး ရှစ်ဦး၊ ၁၉၇၇ ခုနှစ်တွင် ဒုတိယအကြိမ်ကျင်းပသော ရွေးကောက်ပွဲ၌ အမျိုးသမီး ၁၃ ဦး၊ ၁၉၈၁ ခုနှစ်တွင် ကျင်းပသော တတိယအကြိမ် ရွေးကောက်ပွဲ၌ အမျိုးသမီး ၁၄ ဦး၊ ၁၉၈၅ ခုနှစ်တွင် ကျင်းပသော စတုတ္ထအကြိမ်ရွေးကောက်ပွဲ၌ အမျိုးသမီး ၁၆ ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ အချို့အမျိုးသမီးများမှာ နှစ်ကြိမ်၊ သုံးကြိမ် စသည်ဖြင့် ဆက်၍ ရွေးကောက်တင်မြှောက်ခံရသည်။


၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းသော ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများအရ ကျင်းပခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအဖြစ် ကျင်းပခဲ့သည်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ရွေးကောက်တင်မြှောက်ခံရသည်။


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသော ရွေးကောက်ပွဲများမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဟူ၍ လွှတ်တော်သုံးရပ်အတွက် ကျင်းပခဲ့သည်။

 

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် ၇-၁၁-၂၀၁၀ ရက်နေ့က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည်။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအဖြစ် ပြည်သူ့လွှတ်တော်အတွက် ၃၂၅ နေရာတွင် ၁၄ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၁၆၈ နေရာတွင် ခြောက်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ၆၆၁ နေရာ တွင် ၂၄ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်၂၉ နေရာတွင်တစ်ဦး ရွေးကောက်တင် မြှောက်ခံရသည်။ ယင်းသက်တမ်းအတွင်း ၁-၄-၂၀၁၂ ရက်နေ့က လစ်လပ်လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၄၅ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကျင်းပခဲ့ရာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ရွေးကောက် တင်မြှောက်ခံရသည်။


ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ၈-၁၁-၂၀၁၅ ရက်နေ့က လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် စုစုပေါင်း ၁၁၅၀ နေရာတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့လွှတ်တော်အတွက် ၃၂၃ နေရာတွင် ၄၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၆၈ နေရာတွင် ၂၃ ဦး၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ၆၃၀ နေရာတွင် ကိုယ်စားလှယ် ၇၉ ဦးနှင့် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် ၂၉ နေရာတွင် ငါးဦး ရွေးကောက်တင်မြှောက်ခံရသည်။ ယင်းသက်တမ်းအတွင်း ၁-၄-၂၀၁၇ ရက်နေ့က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသမီး
လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ရွေးကောက်တင်မြှောက်ခံရပြီး ၃-၁၁-၂၀၁၈ ရက်နေ့က လစ်လပ်လွှတ်တော် မဲဆန္ဒ နယ် ၁၃ နေရာအတွက် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက် တင်မြှောက်ခံရခြင်း မရှိခဲ့ပါ။


အမျိုးသမီးများပါဝင်မှု မြှင့်တင်ကြပါစို့

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ယှဉ်ပြိုင် အရွေးခံမှုများရှိခဲ့သော်လည်း ရာနှုန်းအားဖြင့် နည်းပါးလျက်ရှိနေပါသေးသည်။ ယနေ့အချိန်အခါတွင် ကျားနှင့်မ မခွဲခြားရေး၊ တန်းတူညီမှု ဖြစ်စေရေး ကို ပို၍လိုလားတောင့်တနေကြသည်။ အထူးသဖြင့် လွှတ်တော်ရွေးကောက်ပွဲများတွင် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင် နိုင်မှု ပိုမိုမြင့်မားလာစေချင်ကြသည်။ အဖွဲ့အစည်းပေါင်းစုံက အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်နေကြ သည်။ တွန်းအားပေးနေကြသည်။


အဓိကရည်မှန်းချက်
အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုနှင့်စပ်လျဉ်း၍ ကျား၊မ တန်းတူညီမှုရှိခြင်းသည် အရေးပါသော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တစ်ခုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြသည်။ အခြားသော ဖွံ့ဖြိုးရေးရည်မှန်းချက် များ အောင်မြင်ရေးအတွက်ပါ အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်သည်ဆိုသောအချက်ကို မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)တွင် အဓိက ရည်မှန်းချက်အဖြစ် ထားရှိကြောင်း တွေ့ရသည်။


နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ

လွှတ်တော်ရွေးကောက်ပွဲများတွင် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်မှုမြှင့်တင်ရေးကို နိုင်ငံရေးပါတီများက လက်တွေ့ ဆောင်ရွက်နိုင်ကြသည်။ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးများ တိုးမြှင့်ပါဝင်နိုင်ရေး စိစစ်ရွေးချယ်ကြရပါမည်။ ပါတီကိုယ်စားပြုမဟုတ်သည့် အမျိုးသမီးများအနေဖြင့်လည်း မိမိတို့ တစ်ဦးချင်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါသည်။ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ပြည်သူတို့နှင့်ထိတွေ့ကာ ရွေးကောက် တင်မြှောက်ခံရနိုင်ရေး စွမ်းအားရှိသမျှ စည်းရုံးမှုပြုကြရပါမည်။


ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ဆပွားတိုးမြင့်လာမည်ဟု မျှော်လင့်မိကြောင်းပါ။

 

ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း များများပါဝင်ယှဉ်ပြိုင်နိုင်ကြပါစေ၊

ယှဉ်ပြိုင်သူ အမျိုးသမီးကိုယ်စားလှယ်လောင်းများအားလုံး ရွေးကောက်တင်မြှောက်ခံနိုင်ကြပါစေ၊

ပြည်သူနှင့်နိုင်ငံတော်၏ ကောင်းကျိုးချမ်းသာများကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။