၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ(၂၈)လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းကြပါတော့မည်

 

 

 

မောင်စာဂ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁-၇-၂၀၂၀ ရက်စွဲပါ ကြေညာချက်အမှတ် ၁၁၅ ဖြင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီး တွင် အမည်စာရင်းများ တင်သွင်းကြပါတော့မည်။ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများပါ မည်။ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း များလည်း ပါဝင်လာနိုင်ကြသည်။ အမည်စာရင်းတင်သွင်း ခြင်းလုပ်ငန်းကို မည်သို့ဆောင်ရွက်ကြရပါမည်နည်း။ မည်သို့အရေးကြီးပါသနည်း။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို ကိုးကား၍ မျှဝေပါရစေ။

 

နေ့ရက်များသတ်မှတ်ကြေညာထားသည်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁-၇-၂၀၂၀ ရက်စွဲပါ ကြေညာချက်အမှတ် ၁၁၆ ဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက် များကို အောက်ပါအတိုင်း ကြေညာထားသည်-

အမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်မှာ ၂၀-၇-၂၀၂၀ ဖြစ်ပြီး တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက် မှာ ၇-၈-၂၀၂၀ ဖြစ်သည်။ အမည်စာရင်း တင်သွင်းလွှာများ ကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ၁၀-၈-၂၀၂၀ ရက်နေ့ဖြစ်သည်။ အမည်စာရင်း တင်သွင်း လွှာများကို စိစစ်မည့်နေ့ရက်မှာ ၁၁-၈-၂၀၂၀ မှ ၁၇-၈-၂၀၂၀ ရက်အထိ ဖြစ်သည်။

 

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများ

 

အနှစ်ချုပ်၍ပြောရလျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း မြန်မာနိုင်ငံတွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊ မဲစာရင်းတွင်ပါဝင်သူ၊ ၎င်းမွေးဖွား ချိန်တွင် နိုင်ငံသားဖြစ်သော မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊ အမည်စာရင်းတင်သွင်းလွှာ တင်သွင်း သည့်အချိန်တွင် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် အသက် ၂၅ နှစ် ပြည့်ပြီးသူ၊ အမျိုးသားလွှတ်တော်အတွက် အသက် ၃၀ နှစ်ပြည့်ပြီးသူများသည် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြသည်။

 

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူများ

 

အနှစ်ချုပ်၍ ပြောပါမည်။ ထောင်ဒဏ်ကျခံနေရသူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိကြောင်း သတ်မှတ်ကာလ မကုန် ဆုံးသေးသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ်မှ လွတ်မြောက်ခွင့် မရသေးသူ၊ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘ တစ်ပါး သို့မဟုတ် နှစ်ပါးလုံးမှမွေးဖွားသည့် နိုင်ငံသားဖြစ် သူ၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကိုခံယူစောင့်ရှောက် သူ၊ နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ၊ နိုင်ငံခြား အစိုးရ သို့မဟုတ် အဖွဲ့အစည်းပုဂ္ဂိုလ်ထံမှ အထောက်အပံ့ ရယူသုံးစွဲသူ၊ နိုင်ငံရေးအတွက် ဘာသာရေးကိုအလွဲသုံးသူ၊ သာသနာ့ဝန်ထမ်းဖြစ်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်သူ၊ နိုင်ငံပိုင်ငွေ ကြေး၊ မြေ၊ အဆောက်အအုံ စသည်တို့ကို ရယူသုံးစွဲသူ၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် နိုင်ငံခြား သား၊ မတရားအသင်းများနှင့်ဆက်သွယ်သူ စသည်တို့ သည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူများ ဖြစ်ကြ သည်။ အမည်စာရင်းတင်သွင်းမည့်သူသည် ဤအချက် များနှင့် မငြိစွန်းဖို့လိုသည်။

 

အမည်စာရင်းတင်သွင်းမည့်နေရာ

 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် များအတွက် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းရပါမည်။ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းရပါမည်။ ထိုသို့တင်သွင်း ရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် ဥက္ကဋ္ဌက တာဝန်လွှဲအပ်ထားသော အဖွဲ့ဝင်တစ်ဦးဦးထံ အမည် စာရင်းတင်သွင်းလွှာကို ပေးအပ်ရမည်ဖြစ်ပါသည်။

 

အမည်စာရင်းတင်သွင်းလွှာတင်သွင်းခြင်း

 

အမည်စာရင်းတင်သွင်းလွှာကို ပုံစံ (၆) မူရင်း နှစ်စောင် ဖြင့် တင်သွင်းရမည်။ ပုံစံ (၆) ဆိုသည်မှာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပါရှိသည်။ ဖြည့်သွင်းရန် အချက် (၁၄) ချက်ရှိသည်။ ညာဘက်ထိပ်တွင် မိမိ၏ဓာတ်ပုံကပ်ရမည်။ အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းပြီးပါက လက်မှတ်ရေးထိုး၍ ရက်စွဲတပ်ရမည်။ မြို့နယ်တရားသူကြီးအဆင့်ထက် မနိမ့်သော တရားသူ ကြီးတစ်ဦး၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရမည်။ တရားသူကြီးကလည်း သူ၏ရှေ့မှောက်တွင် လက်မှတ် ရေးထိုးသည်မှာမှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ် ရေးထိုးပေးရပါမည်။ တရားရုံးတံဆိပ်ခတ်နှိပ်ရပါမည်။

အမည်စာရင်းတင်သွင်းလွှာနှင့်အတူ ပူးတွဲပါရှိရမည့် စာရွက်စာတမ်းများကို ပြည့်စုံစွာ ပူးတွဲပါရှိရမည်။

 

ပြည့်ပြည့်စုံစုံမဖြည့်သွင်းလျှင်၊ ပြည့်စုံစွာပူးတွဲတင်ပြခြင်း မရှိလျှင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသည် ငြင်းပယ် ရမည်ဟု ပြဋ္ဌာန်းထားသည်။

 

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

အမည်စာရင်းတင်သွင်းလွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရပါမည်-

 

(က) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးသော ငွေစာရင်းခေါင်းစဉ်သို့ ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ ကျပ်သုံးသိန်းကို မိမိအမည်စာရင်းတင်သွင်းရမည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးစိုက်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ပေးသွင်းပြီးကြောင်း ချလန်

ဖြတ်ပိုင်းမူရင်း၊

(ခ) ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် အခြားသူ တစ်ဦးကို ခန့်ထားမည်ဆိုပါက သတ်မှတ်ထား သည့်ပုံစံ (၇-က) နှစ်စောင်၊

(ဂ) ကော်မရှင်က သတ်မှတ်ပေးထားသည့် ကိုယ်ရေး မှတ်တမ်းနှစ်စောင်။

 

တင်သွင်းရမည့်သူ

 

အမည်စာရင်းတင်သွင်းလွှာကို ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်တိုင်ဖြစ်စေ၊ ၎င်းကခန့်အပ်ထားသော ရွေးကောက်ပွဲ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ သတ်မှတ်ထား‌သောရုံးချိန် အတွင်း တင်သွင်းခြင်းပြုရသည်။ သို့ရာတွင် ရွေးကောက်ပွဲ တစ်ခုတွင် မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ တစ်ပြိုင်တည်း အမည်စာရင်းတင်သွင်းခြင်း မပြုရပါ။

 

အမည်စာရင်းတင်သွင်းလွှာများ အောင်မြင်ချောမွေ့စေ ရေးအတွက် အမည်စာရင်းတင်သွင်းရန်ရှိသည့်ကာလ ရုံးပိတ်ရက်များတွင် သက်ဆိုင်ရာတရားရုံးများ၊ ဘဏ်ခွဲ များအား ဖွင့်လှစ်ထားရှိပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားရှိပါသည်။

 

အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်း

 

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အမည်စာရင်းတင်သွင်းလွှာကို စိစစ်မည့်နေ့ရက်နှင့် အချိန်၌ ဖြစ်နိုင်လျှင် မိမိကိုယ်တိုင်သွားရောက်ပါ။ မိမိ၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို စေလွှတ်သည့်အခါတွင် လည်း လိုအပ်သည့်အထောက်အထားမှန်သမျှ ပြည့်ပြည့် စုံစုံပေးလိုက်ပါ။ သို့မှသာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက စိစစ်သည့်အခါ အလွယ်တကူ တင်ပြပေးနိုင်မည်။ ယှဉ်ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက မိမိအပေါ် ကန့်ကွက်လာလျှင်လည်း အလွယ်တကူ တင်ပြခုခံဖြေရှင်း နိုင်မည်ဖြစ်သည်။

 

ထို့ပြင် ယှဉ်ပြိုင်ဘက်ကိုယ်စားလှယ်လောင်းအပေါ် မိမိက ကန့်ကွက်ရန်ရှိမည်ဆိုလျှင် မိမိကန့်ကွက်လိုသည့် အချက်များနှင့်စပ်လျဉ်း၍ လိုအပ်သမျှသော အထောက် အထား စာရွက်စာတမ်းများကို ယူဆောင်သွားရပါမည်။ သို့မှသာ မိမိ၏ကန့်ကွက်ချက် ခိုင်မာမည်ဖြစ်သည်။

 

အမည်စာရင်းတင်သွင်းလွှာအပယ်ခံရနိုင်ခြင်း

 

အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်ကတ်ပြားအမှတ်တို့သည် မဲစာရင်းတွင် ဖော်ပြထားချက်များနှင့် ကိုက်ညီမှုမရှိသည့်အခါ၊ အမည် စာရင်းတင်သွင်းလွှာကို လိမ်လည်ပြုလုပ်တင်သွင်းသည့် အခါ၊ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိသူဖြစ်ကြောင်း တွေ့ရှိရသည့်အခါ၊ အမည်စာရင်း တင်သွင်းရာတွင် သို့မဟုတ် ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေပေးသွင်းရာတွင် နည်းဥပဒေများနှင့်အညီ ဆောင်ရွက် ရန်ပျက်ကွက်သည့်အခါ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် အမည်စာရင်းတင်သွင်းလွှာကို ပယ်မည်ဖြစ်သည်။

 

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်းကို သတ်မှတ်ထား သည့်‌နေ့ရက်များမှာပင် ပြီးပြတ်အောင်ဆောင်ရွက်ရပါသည်။

 

အယူခံပိုင်ခွင့် အခွင့်အရေး

 

သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက အမည်စာရင်းတင်သွင်းလွှာကို လက်ခံကြောင်း သို့မဟုတ် ပယ်ကြောင်း ဆုံးဖြတ်သည့်အခါ ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သူ ကိုယ်စားလှယ်လောင်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ (၇) ရက်အတွင်း အယူခံဝင်ရောက်ခွင့်ရှိသည်။ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက အယူခံအမှုကို စိစစ်၍ (၇) ရက်အတွင်း အမိန့်ချမှတ်ရ ပါမည်။ ယင်းအမိန့်သည် အပြီးအပြတ်ဖြစ်သည်။

 

တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း အတွက်ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စိစစ်ဆုံးဖြတ် ပါမည်။ ယင်းဆုံးဖြတ်ချက်ကို မကျေနပ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အယူခံဝင်ခွင့်ရှိသည်။ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။

 

အထူးသဖြင့်သတိပြုရမည့်အချက်

 

ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းရာ တွင် သတ်မှတ်ချက်များနှင့်ညီညွတ်ရန် အထူးသတိပြုကြ ဖို့လိုအပ်သည်။ အမည်စာရင်းတင်သွင်းလွှာ အပယ်ခံရ လျှင် အပယ်ခံရသည့် ကိုယ်စားလှယ်လောင်း၏နေရာ တွင် ယင်း ပါတီက နောက်တစ်ဦးကို လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံ၍ အမည်စာရင်းတင် သွင်းခွင့်မရှိတော့ပါ။ ယှဉ်ပြိုင်မှုမပြုရသေးမီမှာပင် ကိုယ်စားလှယ်လောင်းတစ်ဦး ဆုံးရှုံးမှုဖြစ်စေသည်။ ယခင်က အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ရာ၌ သတ်မှတ်ထားသည့် အရည်အချင်းနှင့် မကိုက်ညီသဖြင့် အပယ်ခံရသည်များကို ဗဟုသုတအဖြစ်လေ့လာနိုင်ရန် ဖော်ပြပေးလိုသည်။

၇-၁၁-၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်း၏ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၃၁၀၈ ဦးဖြစ်သည်။ ၃၇ ဦး အပယ်ခံရသည်။ လုံခြုံရေးအရ ငြိစွန်းသူ ၁၆ ဦး၊ နိုင်ငံသားဖြစ်မှု ၂၀ ဦးနှင့် ရွေးကောက်ပွဲ မဝင်တော့၍ ပြန်ရုပ်သိမ်းသူ တစ်ဦးတို့ဖြစ်သည်။

 

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ၁-၄-၂၀၁၂ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ တွင် အမည်စာရင်းတင်သွင်းသူ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၄၁ ဦးရှိသည်။ နှစ်ဦး အပယ်ခံရ သည်။ နှစ်ဦးစလုံးမှာ နိုင်ငံသားဖြစ်မှုနှင့်စပ်လျဉ်း၍ အပယ်ခံရခြင်းဖြစ်သည်။

 

၈-၁၁-၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးအသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ စုစုပေါင်း ၆၁၈၉ ဦးရှိသည်။ ၃၉ ဦး ပြန်လည်ရုပ်သိမ်းခဲ့သည်။ အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ပြီးနောက် ကိုယ်စားလှယ်လောင်း ၇၅ ဦး အပယ်ခံရသည်။ အပယ်ခံရသည့်အကြောင်းမှာ နိုင်ငံသားဖြစ်မှု ၅၁ ဦး၊ သတ်မှတ်သည့် အသက်မပြည့်သူ ကိုးဦး၊ မြန်မာနိုင်ငံ အတွင်း ၁၀ နှစ် တစ်ဆက်တည်း နေထိုင်ခြင်းမရှိသူ ငါးဦး၊ ပါတီတစ်ခုတည်းမှ နှစ်ဦးထပ်နေသူ လေးဦး၊ အချင်းချင်းကန့်ကွက်မှု နှစ်ဦး၊ လိမ်လည် စာရင်းသွင်းသူ တစ်ဦး၊ နုတ်ထွက်သူ သုံးဦး စုစုပေါင်း ၇၅ ဦးဖြစ်သည်။

 

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ၁-၄-၂၀၁၇ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲနှင့် ၃-၁၁-၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ များတွင် သတ်မှတ်ချက်များနှင့် ညီညွတ်သည့်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း အပယ်ခံရခြင်း မရှိခဲ့ပါ။ မှန်ကန်စွာ စိစစ်ရွေးချယ်တင်သွင်းနိုင်မှုကို မှတ်တမ်းတင်ရမည်ဖြစ်သည်။

 

အပယ်မခံရစေရေးသည် ကနဦးလိုအပ်ချက်ပါ

 

ကိုယ်စားလှယ်လောင်းများ၏ အသက်ကန့်သတ်ချက် အတွက် သတ်မှတ်ထားသည့် အချိန်ကာလမှာ အမည် စာရင်းတင်သွင်းရမည့်အချိန်တွင် ပြည့်မီရန် သတ်မှတ် ထားသည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် နှင့်ချိန်၍ တွက်ချက်ရွေးချယ်တတ်ကြသည်။ သတိပြု ကြရပါမည်။

 

နိုင်ငံသားအတွက် သတ်မှတ်ထားသည်မှာ အမည် စာရင်းတင်သွင်းခံရသူ မွေးဖွားသည့်အချိန်တွင် မိဘ နှစ်ပါးလုံးသည် နိုင်ငံသားဖြစ်နေဖို့သည် များစွာအရေး ကြီးသည်။ လက်တွေ့တွင် ထိုသို့မဟုတ်ဘဲ လက်ရှိကာလ တွင် မိဘနှစ်ပါးသည် နိုင်ငံသား ဖြစ်/မဖြစ် တိုင်းတာ သတ်မှတ်ရွေးချယ်တတ်ကြသည်။ သတိပြုကြရပါမည်။

 

ဥပမာပေးခြင်းဖြစ်သည်။ ကျန်ရှိသော အရည်အချင်းသတ်မှတ်ချက်များကိုလည်း သေသေချာချာ စိစစ်ရွေးချယ် ကြဖို့လိုအပ်သည်။ မိမိအမည်စာရင်း တင်သွင်းလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအား အပယ်မခံရစေရေး သည် ကနဦးအရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း ပါဗျာ။

 

သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့်

လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်

ရွေးချယ်နိုင်ကြပါစေ။

 

ပြည်သူနှင့်နိုင်ငံတော်အကျိုး စွမ်းစွမ်းတမံ သယ်ပိုး ဆောင်ရွက်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များဖြစ်ကြပါစေ။

 

သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အထောက်အထားခိုင်မာစွာဖြင့် စိစစ်မှုပြုနိုင်ကြပါစေ။

 

ကိုးကားချက်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ ပုဒ်မ ၈၊ ပုဒ်မ ၁၀ နှင့် ပုဒ်မ ၂၂ မှ ၃၀ ထိ

 

သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ နည်းဥပဒေ ၁၈ မှ ၂၁ ထိ

ကြေးမုံ