၂၀၂၀ MNL ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ကျင်းပရန် စီစဉ်

၁၀ ဇွန်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ဇွန် ၁၀ ရက်က ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့သောကြောင့် သက်ဆိုင်ရာထံ ဆက်လက်တင်ပြကာ ခွင့်ပြုချက်တောင်းခံသွားမည်ဖြစ်သည်။ သက်ဆိုင်ရာမှ ပြိုင်ပွဲများကျင်းပရန် ခွင့်ပြုပါက MNL အမှတ်ပေးပြိုင်ပွဲအပါအဝင် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး လူငယ်လိဂ်ပြိုင်ပွဲများဖြစ်သည့် ယူ-၁၉ နှင့် ယူ-၂၁ လိဂ်ပြိုင်ပွဲတို့ကို ဖျက်သိမ်းခဲ့သည်။ MNL စီနီယာလိဂ်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ ပဒုမ္မာကွင်းတွင်လည်းကောင်း၊ MNL-2 (ပထမတန်း) ပြိုင်ပွဲ ဒုတိယအကျော့ကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၂၈ ရက်အထိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းတွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းတွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ MNL စီနီယာလိဂ်ပြိုင်ပွဲကို ပွဲစဉ် (၁၀) ကျင်းပနေသည့်ကာလတွင် ရပ်နားခဲ့ခြင်းဖြစ်ပြီး MNL-2 ပြိုင်ပွဲမှာ ပထမအကျော့အပြီးတွင် ရပ်နားခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ပထမအဆင့်မကျင်းပမီမှာပင် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိသောကြောင့် MNL ပြိုင်ပွဲကို စက်တင်ဘာတွင် အပြီးကျင်းပခြင်းဖြစ်သည်။

 

လိဂ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၀ ခုနှစ်အတွက် စပွန်ဆာရရှိထားမှုအခြေအနေများနှင့် ယခုနှစ်အတွင်း ကလပ်အသင်းများသို့ ပေးအပ်သွားမည့် Subsidy လျာထားစာရင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ယခုရာသီ MNL-1 နှင့် MNL-2 စီနီယာအမှတ်ပေးပြိုင်ပွဲများနှင့် ရှုံးထွက်ပြိုင်ပွဲ ပြန်လည်စတင်ရန် လျာထားသည့်ရက်နှင့် ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ရန်ကုန်မြို့တွင်သာ ကွင်းပိတ်ကျင်းပသွားမည့် အစီအစဉ် (A-Plan နှင့် B-Plan) များ၊ ပြိုင်ပွဲများကျင်းပမည့် ကြာမြင့်ချိန်နှင့် သက်ဆိုင်ရာသို့ ပြိုင်ပွဲကျင်းပခွင့် ရရှိရန် တင်ပြသွားမည့် Plan များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်