၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပမည့် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ထုတ်ပြန်

၁၂  ဇွန်



WLC (ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့) ပြိုင်ပွဲများ ကျင်းပနေသည့် မြန်မာလက်ခမောင်း ကုမ္ပဏီသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပမည့် ပြိုင်ပွဲများကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။


မြန်မာလက်ခမောင်းကုမ္ပဏီသည် သြဂုတ်လမှစတင်ကာ ပြိုင်ပွဲများကျင်းပရန် စီစဉ်ထားပြီး ၂၀၂၀ ပြည့် နှစ်တွင် ပြိုင်ပွဲသုံးခု၊ ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲခြောက်ခု ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံများတွင် ကျင်းပ မည့်ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

 

ပြည်ပပြိုင်ပွဲများကို ဂျပန်၊ အမေရိကန်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကျင်းပရန် စီစဉ်ထားပြီး ပထမဆုံးပြည်ပပြိုင်ပွဲကိုမူ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာလက်ခမောင်း ကုမ္ပဏီသည် ဧပြီ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံးပြည်ပပြိုင်ပွဲ ကျင်းပရန် စီစဉ်ထားသော် လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာတွင် ပြန်လည် ကျင်းပ မည်ဖြစ်သည်။

 

မြန်မာလက်ခမောင်း၏ ထုတ်ပြန်ချက်အရ ယခုနှစ် သြဂုတ် ၇ ရက်တွင် ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ နိုဝင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်မူ ဇန်နဝါရီ ၈ ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မတ် ၁၂ ရက်တွင် ရန်ကုန်မြို့၊ မေ ၁ ရက်တွင် ဘားအံမြို့၊ သြဂုတ် ၆ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၊ နိုဝင်ဘာ ၅ ရက်တွင် အမေရိကန်နိုင်ငံ၊ ဒီဇင်ဘာ ၃ ရက်တွင် မန္တလေးမြို့တို့၌ ကျင်းပမည်ဖြစ်သည်။ ယခုနှစ် သြဂုတ်နှင့် စက်တင်ဘာတွင် ကျင်းပမည့်ပြိုင်ပွဲများမှာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ် မူတည်၍ ရက်အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။


မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲ ၁၁ ပွဲ ကျင်းပထားပြီး ပြည်တွင်းနာမည်ကြီးလက်ဝှေ့သမားများအပြင် ပြည်ပမှ နာမည်ကြီးတိုက်ခိုက်ရေးသမားများကိုလည်း ခေါ်ယူစာချုပ်ကာ ယှဉ်ပြိုင်စေလျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း