၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မူလမဲရုံများ ၊ မဲရုံများ တိုးချဲ့ခြင်းနှင့် နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်းဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲ ပြုလုပ် 

မြင်းမူ ၂၂ ဇန်နဝါရီ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မူလမဲရုံများ၊  ထပ်မံတိုးချဲ့ ဖွင့်လှစ်လိုသည့် မဲရုံများနေရာပြောင်းရွှေ့ ဖွင့်လှစ်မည့် မဲရုံများနှင့်ပါတ်သက်၍ ညှိနှိုင်းစည်းဝေးကို စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ရွှေပြည်သစ်ခန်းမတွင် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က  အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက မိမိတို့မြို့နယ်အနေဖြင့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုလာမည့် ၂၀၂၀  ခုနှစ် အထွေထွေရွေးကောက်ပွဲကို  အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ 

ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက တိုးချဲ့ဖွင့်လှစ်မည့် မဲရုံများ ၊ မူလမဲရုံနေရာနှင့် ပြောင်းရွှေ့ဖွင့်လှစ်မည့် မဲရုံနေရာများနှင့် ပတ်သက်၍ မြေပုံ အထောက်အထားများနှင့်တကွ တင်ပြရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မဲရုံပြောင်းရွှေ့ခြင်း၊ တိုးချဲ့ခြင်း ဖွင့်လှစ်နိုင်ရေးတို့နှင့် ပတ်သက်ပြီး အသေးစိတ်ညှိနှိုင်း ဆွေးနွေးကာ သက်ဆိုင်ရာခရိုင်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့များထံ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)