၂၀၂၀ ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီပထမပတ်တွင် ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း ကစားမည်

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီပထမပတ်တွင် ကျင်းပမည် ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

MNL ကော်မတီသည် ချာရတီဖလားပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အမှတ်ပေးချန်ပီယံအသင်းနှင့် ရှုံးထွက်ချန်ပီယံအသင်းတို့ကို ယှဉ်ပြိုင်ကစားစေခြင်း ဖြစ်သည်။

 

ချာရတီဖလား ပြိုင်ပွဲတစ်လျှောက် ၂၀၁၂ ခုနှစ်တွင် ဧရာဝတီ၊ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်၊ ၂၀၁၄ ခုနှစ်တွင် ရှမ်းယူနိုက်တက်၊ ၂၀၁၅ ခုနှစ်တွင် ဧရာဝတီ၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်၊  ၂၀၁၇ ခုနှစ်တွင် မကွေး၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်၊ ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းတို့ ဗိုလ်စွဲထားသည်။

 

ပြိုင်ပွဲအစဉ်အလာအရ နှစ်ကြိမ်ဆက် ဗိုလ်စွဲဖူးသည့် အသင်းမရှိဘဲ ပြီးခဲ့သည့် ရှစ်ကြိမ်တွင် ရန်ကုန်အသင်းက သုံးကြိမ်၊ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ်စီ၊ မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

လာမည့်ချာရတီဖလားပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရှုံးထွက်ချန်ပီယံ ရန်ကုန် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယင်းနှစ်သင်းသည် ချာရတီဖလားပြိုင်ပွဲတွင် လေးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းအသင်းက နှစ်ကြိမ် အနိုင်ရပြီး ရန်ကုန်အသင်းက တစ်ကြိမ်အနိုင်ရခဲ့သည်။  နောက်ဆုံးသုံးကြိမ်ဆက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်စလုံး ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် တစ်ကြိမ်စီ အနိုင်ရထားသည်။

 

ပြီးခဲ့သည့်ရာသီတွင် ရှမ်းယူနိုက်တက်အသင်းက  ချာရတီဖလားပြိုင်ပွဲနှင့် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီး ရန်ကုန်အသင်းက ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။