၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပရန် စီစဉ်

၁၂ ဇွန်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီသည် ယခုနှစ်အတွင်းကျင်းပမည့်ပြိုင်ပွဲများနှင့် ပတ်သက်သည့် အစည်းအဝေးကို ဇွန် ၁၁ ရက်က Video Conferencing ဖြင့် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း တက်ရောက်ဆွေးနွေးခဲ့သည်။ 

 

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပြိုင်ပွဲဝင်အသင်းများ ခရီးသွားလာရမှု နည်းပါးစေရန် ယခင်စီစဉ်ထားသည့် ပြိုင်ပွဲပုံစံအစား အုပ်စုတစ်ခုကို အိမ်ရှင်နိုင်ငံ ရွေးချယ်ကာ ကျင်းပရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခင်က အိမ်ရှင်နိုင်ငံ သတ်မှတ်ခြင်းမရှိဘဲ အုပ်စုပွဲများကို ပြိုင်ပွဲဝင်တစ်သင်းလျှင် အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပခြင်းဖြစ်သည်။ 

 

ပြိုင်ပွဲကျင်းပမည့်ပုံစံပြောင်းလဲခြင်းရှိ၊ မရှိကို ဇွန် ၁၅ ရက်တွင် ပြုလုပ်မည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှ ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၁၁ သင်းရှိနေသောကြောင့် အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံး၌ရပ်တည်သည့်နှစ်သင်းမှာ Play-off ကစားပြီး အနိုင်ရသည့်တစ်သင်းသာ နောက်ဆုံးအဆင့်သို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ 

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကျင်းပသည့် ပုံစံကို မကြာခဏပြောင်းလဲလေ့ရှိပြီး ၁၃ ကြိမ်မြောက် ကျင်းပမည့်ပြိုင်ပွဲလည်းဖြစ်သည်။

 

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံးရပ်တည်မှုအဖြစ် ၂၀၀၄ ပြိုင်ပွဲနှင့် ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်