၂၀၂၀ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်

ရန်ကုန် ၁၆ ဇွန်

 

မြန်မာကလပ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၀ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံ နာခွန်ရတ်ချက်စီမာမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် MFF Open Cup ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIU အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ သို့သော် MIU အသင်းသည် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲပြီး ၂၀၂၀ အာရှကလပ် ဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားရာ ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ညိနှိုင်းကာ ရွေးချယ်သွားမည်ဖြစ်သည်။ MIU အသင်း ဝင်ရောက်မယှဉ်ပြိုင်ပါက ဒုတိယဆုရရှိသည့် VUC အသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာကလပ်အသင်းများသည် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြန်မာကလပ်အသင်းများအနက် MIU အသင်းက ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈၊ ၂၀၁၉ ပြိုင်ပွဲ၊ PU အသင်းက ၂၀၁၇ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MIU (ယခင် MIC) အသင်းက ဝင်ရောက်ယှဉ်ပြိုင်သည့် လေးကြိမ်စလုံး တတိယဆုရရှိခဲ့သည်။ ပြိုင်ပွဲငါးကြိမ်စလုံးတွင် ထိုင်းကလပ်အသင်းများက ဗိုလ်စွဲခဲ့ပြီး Port အသင်းက ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးကြိမ်ဆက် ဗိုလ်စွဲကာ ဘန်ကောက် BTS အသင်းက ၂၀၁၈ ခုနှစ်၊ ချောင်ဘူရီအသင်းက ၂၀၁၉ ခုနှစ်တွင် ဗိုလ်စွဲခဲ့သည်။

 

ယင်းပြိုင်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ဆုတ်ခဲ့ရပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းနိုင်ငံနှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တို့ ဆွေးနွေးပြီးနောက် ကျင်းပမည့်ရက်ကို သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

 

ညီမြတ်သော်တာ