၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကျင်းပ

နေပြည်တော် ၁၃  ဇူလိုင်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် မိဘ၊ ကျောင်းအုပ်၊ ဆရာ၊ ကျောင်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာ၍ ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူမှု မဆုံးရှုံးရေးအတွက် ကျန်းမားရေးနှင့်ညီညွတ် သော လုံခြုံဘေးကင်းသည့် အရည်အသွေး အကောင်းဆုံးရရှိစေရန် စီစဉ်ထားရှိပါကြောင်း၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းပညာပံ့ပိုးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံတွင်လည်း ဩဂုတ် ၂၄ ရက်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေ ကြပြီဖြစ် ပါကြောင်း၊ ကျန်သော နိုင်ငံများတွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် သင်ယူမှုမဆုံးရှုံးရေး မည်သည့်ခွဲ ခြားမှုမျှမရှိရေး၊ တစ်ဦးတစ်ယောက်မျှမကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိတွေ့မှုလျော့ချ၍ လူအုပ်စု မဖြစ်ပေါ်စေရေး တစ်ဦးနှင့် တစ်ဦး(၆)ပေစီခြား၍ စီစဉ်ဆောင်ရွက်ရသဖြင့် မူလတန်း၊အလယ်တန်း၊ အထက်တန်း ကျောင်းသား စုစုပေါင်းဦးရေနှင့် စာသင်ခန်း စာသင်ခုံ ဆရာဦးရေတို့အရ စာသင်ခန်း တစ်ခန်းတွင် (၂၀) ဦးအတွက်သာ ခုံစီထားပါကြောင်း။

 

ကျောင်းများအနေဖြင့် ပုံမှန်ဖွင့်သည့် ကျောင်းများ၊ တစ်ပတ်ခြား ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက် ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက် ကျောင်းများဖြင့် စီစဉ်ထားရှိပါကြောင်း၊ သင်ယူ တတ်မြောက်မှု အရည်အသွေးကောင်းမွန် စေရေးတွက် ၂၁ ရာစုနှင့် လိုက်လျောညီထွေ ရှိသော သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်းများ၊ ကျန်းမာရေးအသိ ပညာပေး သင်တန်းများကိုလည်း အွန်လိုင်းသင်တန်း များ၊ ကာလတို အရည်အသွေးမြှင့် မွမ်းမံ သင်တန်းများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ် များကို အချိန်မီပုံနှိပ်ဖြန့်ဝေနိုင်ရေး စီမံကြီးကြပ် ပေးခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပုံနှိပ်လုပ်ငန်း ရှင်များ၊ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေးအတွက် ပြန်လည်အသုံးပြု၍ရသည့် အဝတ်ဖြင့် ပြုလုပ်ထားသော မတ်စ်ခ်(၂)ခု၊ မျက်နှာကာ(၁)ခုစီအား ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ အားလုံးသို့ အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ထားရှိပါ ကြောင်း၊  အသက်ကြီးသူများ ကျောင်းပို့၊ ကျောင်းကြို မပြုလုပ်ရန်မေတ္တာရပ်ခံထားပါကြောင်း၊ ကျောင်းပို့ကြိုသူ တစ်ဦးသာခွင့်ပြု၍ နေရပ် လိပ်စာ၊ တယ်လီဖုန်းမှတ်တမ်း ထားရှိမည်ဖြစ်ပါသဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

 

ကျောင်းသို့လာစဉ်/  ကျောင်းပို့ကြိုကားများ/ စာသင်ခန်းတွင်း/ မုန့်စားဆင်းချိန်/ ကျောင်းမှ အိမ်သို့ ပြန်စဉ် လိုက်နာရန်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်အရေး ကြီးပါကြောင်း၊ ကျောင်းသို့ ရောက်ရှိပါက (၆)ပေစီခြား၍ ကိုယ်ပူချိန်တိုင်းမည် ဖြစ်ပါကြောင်း၊ ကိုယ်ပူချိန်မြင့်မားပါက ခေတ္တခန အနားယူစေပြီး ကိုယ်ပူချိန်ထပ်မံ တိုင်းမည်ဖြစ်ပါကြောင်း၊ ကိုယ်ပူချိန်မြင့်မားနေပါက ဆေးရုံသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူစေမည်ဖြစ်ပါကြောင်း၊  ဖျားနာ ချောင်းဆိုးရှိသော ဆရာ၊ကျောင်းသား၊ ဝန်ထမ်းများရှိလာပါကလည်း ခွင့်တိုင်ကြားပြီး ဆေးကုသမှု ခံယူရမည်ဖြစ်ပါကြောင်း၊  ၆ ပေစီခြား တန်းစီ၍ ရေနှင့်ဆပ်ပြာ သို့မဟုတ် လက်ဆေး ဂျယ်တို့ဖြင့် စနစ်တကျ လက်ဆေးရန်၊ (၆)ပေစီခြား တန်းစီ၍ စာသင်ခန်းအတွင်း သို့ဝင်ရန်၊ (၆)ပေစီခြား တန်းစီ၍ သန့်စင်ခန်းများအသုံးပြုရန်လည်း စီစဉ်ထားရှိပါ ကြောင်း၊ ကျောင်းအုပ်၊ ဆရာဆရာမများ ကလည်း ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများ၊ ပညာသင် ထောက်ပံ့ကြေးများအတွက်လည်း လက်စွဲစာအုပ်များနှင့်အညီ အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိဘများ၊ ရပ်ရွာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း။

 

ကျောင်းလုံခြုံရေးအတွက်လည်း ကျောင်းအုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပူးပေါင်း၍ တာဝန်ရှိသူများ၊ မိဘအုပ် ထိန်းသူ ပြည်သူများအားလုံး တို့က ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ အရည်အသွေးရှိသော သင်ယူ တတ်မြောက်မှုရှိစေရေးအတွက် ဆရာ ဆရာမများက အဓိကဖြစ်ပါသဖြင့် စေတနာ၊ မေတ္တာ၊ ဂရုဏာဖြင့် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံဘေး ကင်းရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေး တို့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းအကောင်းဆုံးဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ၊ ပြည်သူ့ရဲများ၊ လူမှုဝန်ထမ်းမှတာဝန်ရှိသူများ၊ မိဘဆရာအသင်းများ၊ ကျောင်းသား ဟောင်းများ၊ မိဘအုပ်ထိန်းသူများ၊ ပြည်သူများနှင့် ကျောင်းအုပ်၊ ဆရာဆရာမများ၊ တာဝန်ရှိသူများ အားလုံး ညီညီညွတ်ညွတ်ဖြင့် နိုင်ငံ့ အနာဂတ် ရတနာများဖြစ်သည့် ကျောင်းသား ကျောင်းသူများ အားလုံးတို့ကို လူသား ကောင်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက် တတ်သူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက်  အခမဲ့ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒက္ခိဏသီရိမြို့နယ်သို့လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဇမ္ဗူသီရိမြို့နယ်သို့လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပျဉ်းမနားမြို့နယ်သို့ လည်းကောင်း၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးတင်ထွန်းက လယ်ဝေးမြို့နယ်သို့ လည်းကောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာ စကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ဥတ္တရသီရိမြို့နယ်သို့လည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ဇေယျာသီရိမြို့ နယ်သို့လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက တပ်ကုန်းမြို့နယ်သို့လည်းကောင်း ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြသည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိကျောင်းများသို့ ဘေစင်နှင့်နှာခေါင်းစည်း များပေးအပ် လှူဒါန်းသည့်အလှူရှင်အား အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ရာ အလှူရှင်ကျောက်စိမ်းတည်းခို ခန်းပိုင်ရှင် ဦးခင်တိုး က လက်ခံရယူသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များ စာသင်ခန်းအလိုက် ကျောင်းအပ် လက်ခံနေမှုများနှင့် ပြခန်းများအား လှည့်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

(သတင်းစဉ်)