၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးသို့ ပြည်ပခရီးသွား ၆၈၀ဝ၀ဝ ကျော်ဝင်ရောက်ခဲ့

မန္တလေး  ၂၇  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၄ ဒသမ ၄ သန်း ဝင်ရောက်သည့်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ၆၈၀ဝ၀ဝ ကျော်ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

85

 

မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွားများသည် မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော ဦးပိန်တံတား၊ တောင်သမန်အင်း၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ကုသိုလ်တော်ဘုရား၊ ရွှေကျောင်းကြီး၊ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမုနိဘုရားကြီး၊ မန္တလေးတောင်နှင့် မန္တလေးမြို့ရှိ ရှေးဟောင်းအဆောက်အဦများနှင့် ရှေးဟောင်း စေတီပုထိုးများအပြင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလုပ်ငန်းများ၊ အင်းဝဒေသရှိ ရှေးဟောင်းအဆောက်အဦများနှင့် ရှေးဟောင်း စေတီပုထိုးများ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီပုထိုးများသို့ အများဆုံး သွားရောက်လေ့လာ လည်ပတ်ကြကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာစေရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရီးသွား လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများအားလုံးနှင့် ပူးပေါင်း၍ လအလိုက် အစီအမံများရေးဆွဲကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၁၀ ခုနှစ်တွင် ၇၅၇၂၇ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၉၉၀၁၆ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၀၉၇၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၁၉၅၁၈ ဦး၊ ၂၀၁၄ ခုနှစ် တွင် ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃၀၆၄၃၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် ၆၈၀ဝ၀ဝ ကျော် ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)