၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၄ ဇွန် 

 

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမနှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြားတို့တွင် နေရာခွဲ၍ Video Conferencing ဖြင့် ကျင်းပမှုအပြင် နေအိမ်မှ Zoom Cloud ဖြင့် ဝင်ရောက်ဆွေးနွေးမှုတို့ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက်ဆွေးနွေးသည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ ယခုတစ်နေရာတည်းတွင်သာ စုံညီကျင်းပခြင်းမျိုးမဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ နေရာခွဲခြား ကျင်းပမှုအပြင် ပညာရှင်အချို့လည်း နေအိမ်မှ ပါဝင်ဆွေးနွေးမှုဖြင့် စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကော်မတီ၏ ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေအရ ယခင်နှစ်ကထက် တစ်လခန့် နောက်ကျပြီးမှ ကျင်းပနိုင်သော်လည်း အမျိုးသားစာပေဆု  ချီးမြှင့်သည့် (စာဆိုတော်နေ့) နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားစာပေဆုချီးမြှင့်သည့် အခမ်းအနားမှာ လာမည့် ဒီဇင်ဘာလ (၁၅)ရက်မှ ဖြစ်သည့်အတွက် (၁၀)ရက်ခန့်သာ နောက်ကျရာ ဆောင်ရွက်ချိန် (၆)လခန့်ရရှိသဖြင့် အချိန်လုံလောက်စွာရ ရှိသည်ဟု မြင်ပါကြောင်း။

 

အမျိုးသားစာပေဆုသည် နိုင်ငံတော်က အသိအမှတ်ပြုချီးမြှင့်ခြင်း ဖြစ်သည့်အတွက် တန်ဖိုးထား ဂုဏ်ယူရသကဲ့သို့ စာပေသမားများအပြင် ပရိသတ်များအနေဖြင့် လည်းတန်ဖိုးထား လေးစားမှု ရှိပါကြောင်း၊ နိုင်ငံတကာစာပေသမားများနှင့် တွေ့ဆုံရာတွင်လည်း ယင်းဆုရ ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး လေးစားမှုရှိပါကြောင်း၊ ထိုကဲ့သို့ တန်ဖိုးထား ကြခြင်းမှာ စာပေဆုရွေးချယ်ရေးကော်မတီ၏ အမြော်အမြင်ရှိမှု၊ သမာသမတ်ကျမှုတို့ အပေါ်တွင်လည်း မူတည်ပါကြောင်း၊ မလိုလားအပ်သော အားနာမှု၊ လိုက်လျောမှုတို့ကြောင့် ဆုရရှိမှု အရည်အသွေးအပေါ် ဝေဖန်မှုများရှိလာပါက ဆု၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးထိခိုက် အားနည်းနိုင်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် ပါဝင်ဆောင်ရွက်ရချိန်တွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယင်းအချက်ကို ကော်မတီဝင်များအနေဖြင့် သိရှိပြီးဖြစ်သော်လည်း ပထမဆုံးအကြိမ် ဆုရွေးချယ်ရေး အစည်းအဝေးတွင် ပြောသင့်ပြောထိုက်သည်ဟု ခံယူပြီး  ပြောဆိုရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူ ဒေါက်တာ သော်ကောင်းနှင့် ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့က Video Conferencing ဖြင့် အမှာစကားပြောကြားကြသည်။ 

 

ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က   စာပေဆုဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း(မောင်ဇေယျာ)က အမျိုးသားစာပေဆုအတွက် ရွေးချယ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။  

 

ထို့နောက် တက်ရောက်လာကြသူများက ဆုရွေးချယ်ရေးကော်မတီ ဖွဲ့စည်းထားမှုအခြေအနေ၊ ဆုရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဆုရစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စာအုပ်အမျိုးအစား ခွဲခြားထားရှိမှု၊ ကလေးစာပေဆုအတွက် ပိုမိုပီပြင်ခေတ်မီသော ဆုစည်းကမ်းများ  ပြောင်းလဲသတ်မှတ်ရေး၊ ဆုရွေးချယ်မှုဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲဝင်စာအုပ်များ ပြည်စုံစွာ လက်ခံရရှိမှု အခြေအနေနှင့် ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း  ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂ဝ ပြည့်နှစ် မတ် (၄)ရက်  ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂-၆(၃)/  ၂၀၂ဝ ဖြင့် ကော်မတီဥက္ကဋ္ဌအဖြစ် စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)တို့ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၅၄) ဦးတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပံ့ပိုးမှု၊ ပုဂ္ဂလိက စာအုပ်စုဆောင်းသူ၊ စာအုပ်တိုက်ကြီးများ၊ စာကြည့်တိုက်များအကူအညီဖြင့် စာအုပ်များကို စုစည်းပြီး ဘာသာရပ်အလိုက် အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းကာ အမျိုးသားစာပေစိစစ်ရွေးချယ်ရေး မူဝါဒများနှင့်အညီ စိစစ်ရွေးချယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

 

သတင်းစဉ်