၂၀၁၉ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအတွက် တတိယမြောက် ရွှေဆုကို မြန်မာရိုးရာလှေအသင်း ရယူ

၇ ဒီဇင်ဘာ

 

အကြိမ် (၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအားကစားအဖွဲ့အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို မြန်မာအမျိုးသမီး ရိုးရာလှေအသင်း ရယူပေးနိုင်ခဲ့သည်။

 

ဆီးဂိမ်းလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဆူဘစ်မြို့၌ ကျင်းပရာ မြန်မာလှေလှော်အဖွဲ့က ရိုးရာလှေပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊ ကနူးပြိုင်ပွဲတွင် ငွေတစ်ခု၊ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့သည်။ ရိုးရာလှေပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားသုံးမျိုး ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာလှေအဖွဲ့သည် မီတာ ၂၀၀ အမျိုးသမီး လေးတက်လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ မီတာ ၂၀၀အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့ကာ မီတာ ၂၀၀ အမျိုးသား+အမျိုးသမီး ၂၂ တက်လှော်ပြိုင်ပွဲတွင်မူ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

 

မြန်မာအမျိုး သမီးအသင်းသည် ယင်းပြိုင်ပွဲတွင် ၅၄ ဒသမ ၉၄၇ စက္ကန့်ဖြင့် ရွှေတံဆိပ်ရယူနိုင်ခဲ့ပြီး ဒုတိယရခဲ့သည့် အင်ဒိုနီးရှားအသင်းကို နှစ်စက္ကန့် ဝန်းကျင်အသာရခဲ့သည်။ ငွေတံဆိပ်ဆုကို အင်ဒိုနီးရှားအသင်း၊ ကြေးတံဆိပ်ဆုကို ထိုင်းအသင်းတို့က ရရှိခဲ့သည်။

 

မီတာ ၂၀၀ အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ကြေးတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်ရရှိခဲ့သည်။ မီတာ ၂၀၀ အမျိုးသား ကနူးလှေ တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမား မျိုးလှိုင်ဝင်းက ငွေတံဆိပ်ရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဖိလစ်ပိုင်က ရွှေတံဆိပ်နှင့် ဗီယက်နမ်က ကြေးတံဆိပ်ရရှိခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လှေ မီတာ ၁၀၀ အမျိုးသမီး နှစ်ယောက် လှော်ပြိုင်ပွဲတွင် မြန်မာမှ ရွှေဇင်လတ်နှင့် နီလာဝင်းအတွဲက ကြေးတံဆိပ်ရရှိခဲ့သည်။

 

လှေလှော်ပြိုင်ပွဲ နောက်ဆုံးနေ့တွင် ရိုးရာလှေ အမျိုးအစားသုံးမျိုး၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးအစားသုံးမျိုး ထည့်သွင်းကျင်းပမည် ဖြစ်သည်။ ရိုးရာလှေပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာလှေလှော် အဖွဲ့သည် ပြိုင်ပွဲသုံးမျိုးစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒုတိယနေ့တွင် မီတာ ၁၀၀၀ အမျိုးသား+အမျိုးသမီး ၂၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၅၀၀ အမျိုးသား လေးတက်လှော်ပြိုင်ပွဲနှင့် မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး ၂၂ တက် လှော်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။

 

မြန်မာလှေလှော်အဖွဲ့သည် လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရိုးရာလှေပြိုင်ပွဲ၌ ရွှေတစ်ခု၊ ကြေးတစ်ခု၊ ကနူးပြိုင်ပွဲ၌ ငွေနှစ်ခု၊ အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ၌ ကြေးတစ်ခု ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ