၂၀၁၉ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (က) တွင် ကျရောက်

၂၀၁၉ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပရာ မြန်မာအသင်းသည် အုပ်စု (က)တွင် ကျရောက်ခဲ့သည်။

 

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းခြောက်သင်းသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး သုံးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အာဆီယံထိပ်သီးအသင်းများဖြစ်သော ထိုင်းနှင့် ဗီယက်နမ်ကို ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

 

အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အုပ်စု (ခ)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ပါဝင်နေသည်။ အိမ်ရှင် ဖိလစ်ပိုင်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ရလဒ်ကောင်းရရန် ပြင်ဆင်မှုများစွာ ပြုလုပ်ထားသောကြောင့် မြန်မာအသင်းအနေဖြင့် အာရုံစိုက်ကစားရမည် ဖြစ်သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာသလောက် ရှိနေသည်။

 

မြန်မာအသင်းသည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် ယင်းနှစ်သင်းစလုံးနှင့် တွေ့ဆုံခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့သည်။ ၂၀၁၇ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ငါးသင်းသာရှိသောကြောင့် ပတ်လည်စနစ်ဖြင့်သာ ကျင်းပခဲ့ပြီး မြန်မာအသင်းက တတိယဆုရခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၃၀ ဖြင့် ဆက်လက်လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက ကိုင်တွယ်လျက်ရှိသည်။ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာလလယ်တွင် ပြန်လည်လေ့ကျင့်ခဲ့ပြီး ယခုလကုန်အထိ ပြည်တွင်းခြေစမ်းပွဲများသာ ကစားမည်ဖြစ်ပြီး နိုဝင်ဘာမှသာ နိုင်ငံတကာပွဲများ ဆက်တိုက်ကစားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်