၂၀၁၉ အတွင်း Google တွင် ရှာဖွေမှုများမှ မြန်မာနိုင်ငံ၏ Trending Searchs များကို ထုတ်ပြန်ကြေညာ

ရန်ကုန် ၆ ဇန်နဝါရီ

 

ကမ္ဘာအနှံ့မှ အင်တာနက် အသုံးပြုသူများက Google Search ကိုသုံး၍ အင်တာနက်ပေါ်တွင် ပြုလုပ်သည့် ရှာဖွေမှုများကို Google Trends ဝက်ဘ်ဆိုက်က ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် နိုင်ငံအလိုက် ထုတ်ပြန်ကြေညာပေးခဲ့ရာ ယခင်နှစ်များက မြန်မာနိုင်ငံ မပါဝင်ခဲ့ သော်လည်း ယခုနှစ်တွင် ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ရှာဖွေမှုများကိုပါ ဖော်ပြ ကြေညာပေးထားသည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံမှ ရှာဖွေမှုများကို ဖော်ပြရာ တွင် Trending Searches, Inidivuals နှင့် Movies & Series ဟု ကဏ္ဍသုံးမျိုးခွဲ၍ ကဏ္ဍ တစ်ခုချင်းစီ၏ ထိပ်ဆုံး ရှာဖွေမှု ၁၀ ခုစီကို ဖော်ပြထားသည်ကို တွေ့ရသည်။ လူအများ စိတ်ဝင်စားသော အကြောင်းအရာ (Trending Searches) ရှာဖွေမှုတွင် Thanos, Unicode font, Gboard, Call of Duty, PUBG, 9Apps, H5Game, XXXHolic Rei, Redmi Note 7 နှင့် Jung Joon Young ဟု စာလုံး ၁၀ လုံး ကို ဖော်ပြထားသည်။

 

Thanos သည် မေလ အတွင်းက ရုံတင်ခဲ့သော စူပါဟီးရိုးရုပ်ရှင် Avengers: Endgame မှ ဇာတ်ကောင် အမည်ဖြစ်ပြီး ဒုတိယနှင့် တတိယနေရာမှ ယူနီကုဒ်နှင့် Gboard ကီးဘုတ် စာလုံးများမှာ စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းက ယူနီကုဒ်ပြောင်းသုံးရန် လုပ်ဆောင်ရာတွင် ရှာဖွေမှုများပြားခဲ့သော စာလုံးများဖြစ်သည်။ စတုတ္ထနေရာမှ Call of Duty မှာ ကွန်ပျူ တာနှင့် မိုဘိုင်းတွင်ပါ လူကြိုက်များသော နာမည်ကြီးဂိမ်းဖြစ်ပြီး ပဉ္စမနေရာမှ PUBG မှာလည်း မိုဘိုင်းဖုန်းပေါ်တွင် လူအများ ချိတ် ဆက်၍ ကစားရသော သေနတ်ပစ်ဂိမ်း ဖြစ်သည်။

 

တစ်ဦးချင်း Inidivuals ရှာဖွေမှု Xiao Zhan, Htet Yan, Alan Walker, Nang Mwe San, Wang Yibo, Nay Chi, Song Hye Kyo, Yoon Yoon, Aung La Nsang နှင့် Baek Ji Young ဟူသော စာလုံးများကို ရှာဖွေမှုများ သည်။ ပထမနေရာမှ Xiao Zhan မှာ မိန်းကလေးပရိသတ် အများစုကြိုက်သည့် တရုတ်နိုင်ငံသား လူငယ်အဆိုတော်ဖြစ်ပြီး ဒုတိယနေရာမှ ထက်ယံမှာ နွေးသွားတယ် သီချင်းဖြင့် နာမည်ကျော်သည့် မြန်မာ လူငယ် အဆိုတော်ဖြစ်ကာ တတိယနေရာမှ Alan Walker မှာ မြန်မာ လူငယ်ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် UK မှ ဒီဂျေပညာရှင် ဖြစ်သည်။

 

ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ Movies & Series ရှာဖွေမှုတွင် Captain Marvel, Hotel del Luna, Avengers Endgame, The Voice Myanmar, Game of Thrones, Sex and the City Movie, Extraordinary You, Love Alarm, Aquaman နှင့် Shazam စသည့် စာလုံးများကို အများဆုံး ရှာဖွေထားကြသည်။ ပထမနှင့် တတိယနေရာမှ Captain Marvel နှင့် Avengers Endgame မှာ ၂၀၁၉ အတွင်း ရုံတင်ခဲ့သော ရုပ်ရှင်နှစ်ကားဖြစ်ပြီး ဒုတိယ နေရာမှ Hotel del Luna မှာ ကိုရီးယားရုပ်သံ စီးရီးဖြစ်သည်။ စတုတ္ထနေရာမှ The Voice Myanmar မှာ မြန်မာနိုင်ငံမှ သီချင်းဆိုပြိုင်ပွဲ ရုပ်သံအစီအစဉ်ဖြစ်ပြီး ပဉ္စမနေရာမှ Game of Thrones မှာ အမေရိကန် တီဗွီစီးရီး ဖြစ်သည်။

 

အဆိုပါ ထိပ်ဆုံးရှာဖွေမှု ၁၀ ခုစီအပြင် အခြားသော ရှာဖွေမှုများကိုလည်း Google Trends ဝက်ဘ်ဆိုက်(Trends.google.com)ထဲမှာပင် ကြည့်ရှုနိုင်ပြီး ရလဒ်နှိုင်းယှဉ်မှုများ ပြုလုပ်နိုင်သည်။ အဆိုပါ နှိုင်းယှဉ်မှုများအရ Thanos ဆိုသော စကားလုံးသည် Avengers: Endgame ရုပ်ရှင် ရုံတင်သည့် မေလထဲတွင် ရှာဖွေမှုအများဆုံးဖြစ်ခဲ့သလို Unicode နှင့် Gboard ဆိုသည့် စာလုံးများမှာ တစ်နိုင်ငံလုံး ယူနီကုဒ်ပြောင်းရန် ပြင်ဆင်ခဲ့သည့် စက်တင် ဘာနှင့် အောက်တိုဘာလအတွင်း ရှာဖွေမှု အများဆုံးဖြစ်ခဲ့သည်ကို တွေ့ရသည်။ ယူနီ ကုဒ်ဆိုသည့် စာလုံးကို မြန်မာနိုင်ငံမှ ရှာဖွေမှု သည် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လ အတွင်း စံချိန်တင် မြင့်တက်ခဲ့သော်လည်း ပုံမှန်အချိန်များတွင် အခြားမြန်မာစာဖောင့် တစ်ခုဖြစ်သော ဇော်ဂျီစာလုံးကို ရှာဖွေမှုက ပိုများနေခဲ့သည်ကို တွေ့ရသည်။

 

Google က ထုတ်ပြန်ကြေညာထားသည့် အဆိုပါ အချက်အလက်များကို အခြေခံ၍ နိုင်ငံအတွင်းမှ အွန်လိုင်းအသုံးပြုသူ အများစု စိတ်ပါဝင်စားသော အချက်အလက်များကို သိရှိနိုင်သဖြင့် အွန်လိုင်းကိုအခြေခံသော မားကတ်တင်း လုပ်ငန်းများအတွက်ဖြစ်စေ၊ ပြည်တွင်း၌ မားကတ်တင်းလုပ်ရန်အတွက်ဖြစ်စေ အသုံးဝင်သော သတင်းအချက်အလက်များ ဖြစ်ကြောင်း ကြော်ငြာလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

 

သူရဖြိုး