၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခုဝင်ရောက်

မန္တလေး ၁၃ နိုဝင်ဘာ

မန္တလေးမြို့တွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၁၅ ခု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါ်နွယ်နီ ဦးထံမှ သိရသည် ။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ငွေကြေးပမဏမှာ အမေရိကန်ဒေါ်လာ ၅၂၈.၉ သန်းကျော်ရှိပြီး တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်စသည့် နိုင်ငံများကဝင်ရောက် ရင်းနှီး မြှုပ်နှံခဲ့သည် ။

" မန္တလေးမှာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တာကတော့ ကွန်ရက်ချိတ်ဆက်တဲ့လုပ်ငန်းတွေ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတွေမှာပဲ ရင်းနှီးမြှပ်နှံမှုများပါတယ် " ဟု ၎င်းကပြောသည် ။

အဆိုပါ ဘဏ္ဍာရေးနှစ်အတွင်းတွင် မန္တလေးတိုင်းဒေသကြီး၌ စင်ကာပူနိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှပ်နှံမှုငွေပမာဏမှာ အမေရိကန်ဒေါ်လာ  သန်း ၃ဝဝ ကျော်ဖြစ်ကြောင်း သိရသည် ။

ထို့ပြင် ဟောင်ကောင်မှ လျှပ်စစ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း  ၉၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး  တရုတ်နိုင်ငံမှ စက်မှု ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများတွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ရင်းနှီးမြှုပ်နှံ ထားကြောင်းသိရသည် ။

" မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရင်းနှီးမြှပ်နှံမှု ပမာဏများလာလေ ဒေသဖွံ့ဖြိုးရေးတွေအတွက် အများကြီး အထောက်အကူပြုလေပဲ။ ဒါ့ကြောင့်  မန္တလေးတိုင်းအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ များများလာဖို့ ရင်းနှီးမြှုပ်နှံမှုပြပွဲတွေ ဖိုရမ်တွေလုပ်ပြီး အချက်အလက်တွေ မျှဝေနေတယ် " ဟု ၎င်းကဆက်ပြောသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ပြီးခဲ့သည့် နှစ်အတွင်းတွင်လည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ငွေကျပ် ၃၁၂ .၅ ဘီလီယံရှိကြောင်း သိရသည် ။

သူရိန်လင်း