(၁၄)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်၊ ပန်းပြကွက်စုံလင်စွာဖြင့် ဖွင့်လှစ်ပြသ

ပြင်ဦးလွင် ၁၅ ဒီဇင်ဘာ

 

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း နှစ်စဉ်ကျင်းပပြုလုပ် ပြသမြဲဖြစ်သည့် ပန်းပွဲတော်ကို ယနေ့တွင် (၁၄)ကြိမ်မြောက်အဖြစ် ပန်းပြကွက်များ စုံလင်စွာဖြင့် ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် မန်နေဂျင်းဒါရိုက်တာ ဦးဝေမျိုးအောင်က ယခုနှစ်ဖွင့်လှစ်ပြသသည့် ပန်းပွဲတော်သည် ယခင်နှစ်များနှင့်မတူ ထူးခြားလှပကြောင်း၊ နယ်သာလန်နိုင်ငံအခြေစိုက် IGMPR ကုမ္ပဏီနှင့် ပူးပေါင်းဆက်သွယ်၍ ပန်းပြကွက်ပုံစံဒီဇိုင်းများကို အပ်နှံပုံဖော်ထားကြောင်း၊ ပန်းပြကွက်များတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြကွက်များအပြင် နယ်သာလန်နိုင်ငံ ကိုယ်စားပြု ကြူးလစ်ပန်းပွင့်ပေါင်း ၆၅၀၀၀ ပြကွက်များ၊ အီတလီနိုင်ငံကိုယ်စားပြု လီလီပန်းပေါင်း ၉၀၀၀၀ ပြကွက်များ၊ UK နိုင်ငံကိုယ်စားပြု နှင်းဆီပန်း ၉၀၀၀၀ ပြကွက်များ၊ ထူးထူးခြားခြားအနေဖြင့် ပန်းပွင့်ပေါင်း ၆၀၀၀ ပါဝင်ပြီး လူတစ်ရပ်ကျော်ရှိသည့် နေကြာပန်းဝင်္ကပါပြကွက်များ စသည်ဖြင့် လှလှပပ ဝေဝေဆာဆာ ပြသပေးသွားမည်ဖြစ်ကြောင်း ပြေကြားခဲ့သည်။

 

ပြင်ဦးလွင်မြို့ ပန်းပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်အထိ တစ်လတိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပန်းပွဲတော်သို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပမှ ဧည့်သည်များ ပွဲတော်အတွင်း ခင်းကျင်းပြသထားသော ပန်းပြကွက်များကို လန်းဆန်းလှပစွာ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ခုနစ်ရက်တစ်ကြိမ် ပန်းများကို အသစ်လဲလှယ်ကာ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်ပန်းပွဲတော်ကို ပန်းပွင့်ပေါင်း (၆)သိန်းကျော်၊ ကုန်ကျငွေ သိန်း ၇၀၀၀ ဖြင့် ပြသသွားမည့်အပြင် နိုင်ငံကျော်အဆိုတော်များ၏ စင်တင်တေးဂီတ ဖျော်ဖြောပွဲများ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပြပွဲများ၊ ဓတ်ာပုံပြိုင်ပွဲများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များသာမက ပြင်ဦးလွင်မြို့၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည့် ရထားလုံးမြင်းယာဉ်များကို လှပဝေဆာသော ပန်းပွင့်များ စီခြယ်မွန်းမံလျက် မော်ဒယ်လ်သရုပ်ဆောင်များနှင့် ဥယျာဉ်အတွင်း လှည့်လည်မောင်းနှင်နေသည့် ပြကွက်ကိုလည်း ပွဲတော်လာဧည့်သည်များ မတူထူးခြားစိတ်ဝင်စားဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပွဲတော်လာဧည့်ပရိသတ်များ စည်းကမ်းတကျနှင့် လုံခြုံစိတ်ချစွာ လေ့လာအပန်းဖြေနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားများကို ယခင်နှစ်များထက် ပိုမို၍ တိုးမြှင့်ထားကြောင်း သိရသည်။

 

သက်နိုင်(ပြင်ဦးလွင်)