၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင်နေပြည်တော်အတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ စည်ကားလျက်ရှိ

နေပြည်တော် ၁၃ အောက်တိုဘာ

 

သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်၌   အဘိဓမ္မာ တရားတော်ကို  ဝါတွင်းသုံးလဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းကို ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊   လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက် မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသတို့ဖြင့် အထူးတလည် ပြည့်စုံသော နေ့ထူးနေ့မြတ် ဖြစ်သည်။

 

8

 

အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် မိဘဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ် ဒါနသီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည်။

 

၁၃၈၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် နေပြည်တော်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ အလှူဒါနပြုကြသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များတွင် ဝါတွင်းသုံးလ ပြုလုပ်ခဲ့သည့် ဆွမ်းလောင်းလှူပွဲများ၏ အောင်ပွဲအဖြစ် တရားသဘင်များကျင်းပခြင်း၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များကို နာယူရွတ်ပွားပူဇော် ခြင်းစသည့် ကုသိုလ်ဒါနပြုလုပ်ကြသူများ၏ သီလဒါနသံများဖြင့် သောသောညံလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်၊ ဓါတုစယဓါတ်ပေါင်းစုစေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီး ဘုရား၊ အောင်မင်းခေါင်ဘုရား၊ မင်းဝံတောင်ဘုရား၊ စူဠာမဏိဘုရား၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်နှင့် သံဝေဇနိယ လေးဌာနတို့တွင် တရားဘာဝနာအားထုတ်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။

 

5

 

ညပိုင်းတွင် အဆိုပါဘုရားများ၌ ဆီမီးပူဇော်ပွဲများ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီး ဌာနရုံးများနှင့် အထင်ကရနေရာများတွင် လျှပ်စစ်မီးအလှဆင်ထွန်းညှိခြင်း၊ ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များရှိ နေအိမ်များ၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံများ ထွန်းညှိပူဇော်ကြရာ နေပြည်တော် တစ်ဝန်းလုံး ဆီးမီးရောင်များဖြင့် နေ့နှင့်မခြား လင်းထိန်လျက်ရှိသည်။

 

သတင်း - ကျော်သူထက်၊ ဓာတ်ပုံ - မိုက်ကယ်ထန်း