ယာယီလမ်းလွှဲ ရေကျော်နေသဖြင့် တည်ဆောက်ဆဲ မြပြည်တံတားသစ်ပေါ်မှ သွားလာခွင့်ပြုခဲ့ရ

ဘားအံ ၃  သြဂုတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြပြည်ကျေးရွာအနီးရှိ မြပြည်တံတားအား တံတားအသစ် တည်ဆောက်နေစဉ် ယာယီလမ်းလွှဲပြုလုပ်ထားသောလမ်းမှာ တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကျော်လျက်ရှိပြီး မော်တော်ယာဉ်များ သွားလာ၍မရသဖြင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး ယနေ့ နံနက်ပိုင်းတွင် တံတားအသစ်မှ သွားလာနိုင်ရေး ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တံတားလမ်းပိုင်းသည် ဘားအံ-အိန္ဒု- ကော့ကရိတ်- မြဝတီ ကားလမ်းမပေါ်တွင်ရှိပြီး ယခင်နှစ် မိုးကာလက အဆိုပါ အရှည် ပေ (၆၀)၊ အကျယ် ပေ (၂၀) ရှိ သံကူကွန်ကရစ်တံတား အောက်ကမ်းကပ်ခုံ နိမ့်ကျခဲ့ရာမှ တံတားအသစ် ပြန်လည်တည်ဆောက်နေခြင်း ဖြစ်သည်။

 

ယခုအခါ လမ်းလွှဲနေရာမှ ရေကျော်နေသဖြင့် မော်တော်ယာဉ်များသွားလာ၍ မရသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေးအတွက် တည်ဆောက်ထားသော တံတားသစ်မှ လိုအပ်သည်များ ဆောင်ရွက်ကာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

mdn