“ဝဥ” စိုက်ပျိုးထုတ်လုပ်ခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် မှတ်တမ်းယူခြင်း အခမ်းအနား ကန်ပက်လက်မြို့၌ ကျင်းပ

မင်းတပ် ၆ နိုဝင်ဘာ

ချင်းပြည်နယ် မင်းတပ်မြို့ ကန်ပက်လက်မြို့ ကန့်သာရုံကျေးရွာအုပ်စု ပါကွန်းကျေးရွာ ဦးမြမောင်း၏ “ဝဥ” စိုက်ပျိုးရေးခြံ၌  ယမန်နေ့ နံနက် ၉ နာရီတွင် “ဝဥ” စိုက်ပျိုးထုတ်လုပ်ခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် မှတ်တမ်းယူခြင်း အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက အမှာစကား ပြောကြားရာတွင် ချင်းပြည်နယ်ရှိ တောင်သူများသည် “ဝဥ”ကို ပိုမိုစိုက်ပျိုးလာကြပြီး ပြည်တွင်းပြည်ပမှ လာရောက်၍ ဝယ်ယူမှုများပြားသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေသည်ကို တွေ့မြင်နေရကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးရေးသည် သစ်တောများပြုန်းတီးသည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေကာ ပင်ပန်းသလောက် အကျိုးအမြတ်မရသည့်အတွက် ဥယျာဉ်ခြံ စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြရန် ကျန်တောင်သူများကိုလည်း တိုက်တွန်းလိုကြောင်း ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ချင်းပြည်နယ်တွင် ဝဥ၊ ကော်ဖီ၊ ထောပတ်၊ ပိုးဇာ၊ လိမ္မော်နှင့် လက်ဖက်ပင်တို့ကို ရာသီဥတုနှင့် ကိုက်ညီသည့်အတွက် အဓိကစိုက်ပျိုးစေကြောင်း၊ ယခုအခါ ချင်းပြည်နယ်ရှိ ဝဥ များသည် အရည်အသွေးကောင်းမွန်၍ ပြည်တွင်းပြည်ပများမှလည်း လာရောက်ဝယ်ယူမှု များပြားသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ဝဥ စိုက်ပျိုးမှုကို အားပေးကြောင်း၊ မိမိတို့ဌာနမှလည်း လိုအပ်သည့်နည်းပညာများနှင့် ရောဂါပိုးကျရောက်ခြင်းမှ ကာကွယ်နည်းများကို ပညာပေးသင်တန်းများပေးရန်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးလင်းမြတ်က “ဝဥ” စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးကလည်း “ဝဥ” စိုက်ပျိုးသည့် တောင်သူများအနေဖြင့် “ဝဥ” စိုက်ပျိုးရန်မြေနေရာလိုအပ်ပါက လျှောက်ထားနိုင်ကြောင်း အသီးသီးပြောကြားကြသည်။ ထို့နောက် ကန်ပက်လက်မြို့မှ ဝဥ စိုက်ပျိုးထုတ်လုပ်သူအသင်း ဥက္ကဋ္ဌက ၎င်းစိုက်ပျိုးသည့် ဝဥနှင့်ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝဥ စိုက်ပျိုးသည့် တောင်သူများနှင့် လာရောက်လေ့လာသူများက သိရှိလိုသည်များမေးမြန်းရာ ပြန်လည်ဖြေကြားပေးသည်။

ယင်းနောက် “ဝဥ” စိုက်ပျိုးထုတ်လုပ်ခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပရာ “ဝဥ” ခြံပိုင်ရှင် ဦးမြမောင်း၏ ဝဥ စိုက်ပျိုးမှုကိုလည်းကောင်း၊ ကန်ပုလဲ ဝဥနှင့် တောင်ပေါ်သီးနှံများ အခြောက်ခံခြင်းနှင့် တန်ဖိုးမြှင့်လုပ်ငန်းများသို့ ဝဥ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရခိုင်ပြည်နယ် သံတွဲမြို့၊ ချင်းပြည်နယ် ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ဟားခါးမြို့၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နှင့် မင်းတပ် ခရိုင်အတွင်းရှိ ဝဥ စိုက်ပျိုးတောင်သူများက လေ့လာကြသည်။

 

DSC6163

 

ချင်းပြည်နယ်တောင်ပိုင်း သစ်သီးဝလံအသင်းဥက္ကဋ္ဌ ဦးမိုးကျော်သူက “ဝဥ စိုက်ခင်းလုပ်တာ သုံးနှစ်ရှိပါပြီ၊ တချို့က သုံးနှစ်၊ လေးနှစ်ထားပြီးမှ တူးဖော်ပြီးရောင်းကြတယ်၊ အရင်နှစ်ကတော့ ဝဥ အစိုတစ်ပိဿာကို ၁၇၀၀-၁၈၀၀ ကြား၊ မျိုးသီးတစ်ပိဿာကို ၁၀၀၀၀-၁၅၀၀၀ ကြား၊ မျိုးဥတစ်ပိဿာကို ၃၀၀၀-၃၅၀၀ ကြား၊ ဝဥ အခြောက်တစ်ပိဿာကို ၁၁၀၀၀ နှင့် ၁၁၀၀၀ အထက်ရောင်းကြတယ်၊ တချို့က ရန်ကုန်နဲ့ မန္တလေးကိုတင်ပို့ပြီး ရောင်းကြတယ်၊ တချို့ကိုယ်စားလှယ်တွေက နယ်အထိဆင်းပြီး ဝယ်ကြတယ်၊ မြေသြဇာကတော့ နွားချေး၊ ကြက်ချေး၊ ဆိတ်ချေးတွေကို အဓိကသုံးပါတယ်၊ တချို့ဆို သုံးဧကအထက် စိုက်ပျိုးကြတယ်၊ တောင်ယာလုပ်တာနဲ့စာရင် အများကြီးသက်သာပြီး ဝင်ငွေလည်းပိုရတယ်၊ ခုဆိုနိုင်ငံတော်အစိုးရကလည်း အားပေးလာတဲ့အတွက် ဝမ်းသာပါတယ်၊ အခွင့်အလမ်းတွေလည်း ပိုရလာမယ်လို့ထင်ပါတယ်၊ တောင်ယာလုပ်တဲ့ တောင်သူတွေကိုလည်း “ဝဥ” ဥယျဉ်ခြံလုပ်ဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောသည်။

နိုဝင်ဘာ ၅ ရက်က ကျင်းပသော “ဝဥ” စိုက်ပျိုးထုတ်လုပ်မှု၊ စံကွက်ရိတ်သိမ်းခြင်း၊ မှတ်တမ်းယူခြင်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်)၏ ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မင်းတပ်ခရိုင် ကန်ပက်လက်မြို့၌ ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီတွင် မင်းတပ်ခရိုင် ဦးစီးမှူးရုံး၌ ဝဥ စိုက်ပျိုးထုတ်လုပ်နည်းကို အကျယ်တဝင့် ဆွေးနွေးကြသည်။ အခမ်းအနားတွင် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဝဥ စိုက်ပျိုးတောင်သူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

ခွီရှိန်း(ခရိုင်ပြန်/ဆက်)