ဝါးခယ်မတံတား ရေလမ်းကြောင်းသတ်မှတ်

နေပြည်တော် ၁၂ ဩဂုတ်

 

ဝါးခယ်မတံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်/အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁)နှင့် ရေလယ်တိုင်အမှတ်(၂) အကြားမှ သတ်မှတ်ပေးထားကြောင်း သိရသည်။

 

ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ(၇၀)ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက် (၁၁) မီတာရှိသည်။ တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ တစ်ဖက်တစ်ချက်တွင် (၄) မီတာအစွန်းထွက်နေသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားမည် ဖြစ်သည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည် ဖြစ်သည်။

 

ရေယာဉ်များ တံတားရေလမ်းကြောင်းမှ ဖြတ်သန်းကြသည့်အခါ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင်လည်း လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

သတင်းစဉ်