တရားလိုဘက်မှ ပြင်ပရှေ့နေငှားခြင်း

ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း(၁၉၈)


ဦးဟန်ညွန့်(ဥပဒေ)

 

တစ်နေ့သ၌
အလုပ်သင်ရှေ့နေ မောင်ပျင်းရိက “တရားရုံး တွေမှာ တရားလိုဘက်က ပြင်ပရှေ့နေတွေ ငှားတတ်ကြတယ်။ အစိုးရရှေ့နေ (ဥပဒေအရာရှိ)ရှိပြီးသား။ ခန့်ပြီးသား။ ဒါပေမယ့် ပြင်ပရှေ့နေ ကို ထပ်ငှားကြတယ်။ ပြင်ပရှေ့နေတွေရဲ့ တာဝန် ကို ပီပီပြင်ပြင် သိချင်ပါတယ် ဆရာကြီး” ဟု ကျွန်တော့်အား မေးလာပါသည်။


အစိုးရရှေ့နေ၏ တာဝန်နှင့် ပြင်ပရှေ့နေ ၏ တာဝန်ကို ပီပြင်စွာ ခွဲခြားသိလိုသော မေးခွန်း ဖြစ်ပါသည်။ လေ့လာမှတ်သားမိသမျှ မျှဝေတင်ပြ ပါရစေ။


အစိုးရရှေ့နေဆိုသည်မှာ
အစိုးရရှေ့နေဆိုသည်မှာ ပြည်ထောင်စု ရှေ့နေချုပ်က ခန့်အပ်တာဝန်ပေးသည့် ဥပဒေ အရာရှိကိုလည်းကောင်း၊ ပြည်ထောင်စုရှေ့နေ ချုပ်က သီးခြားတာဝန်ပေးသည့် ပုဂ္ဂိုလ်ကို လည်းကောင်း ဆိုသည်။


[၂၀၁၆ ၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ ၂ (ခ)]


တာဝန်ခံဥပဒေအရာရှိ
တာဝန်ခံဥပဒေအရာရှိဆိုသည်မှာ ဥပဒေရုံး အဆင့်ဆင့်တွင် ရုံးအကြီးအမှူးအဖြစ် တာဝန် ပေးအပ်ခြင်းခံရသည့် ဥပဒေအရာရှိကို ဆိုသည်။


[၂၀၁၆၊ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ များ ၂ (ဂ)]


အမှုလိုက်ဥပဒေအရာရှိ
အမှုလိုက်ဥပဒေအရာရှိဆိုသည်မှာ တရားရုံးအဆင့်ဆင့်တွင်သော်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရုံးဆိုင်ရာ ခုံရုံးတွင်သော် လည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့တွင်သော် လည်းကောင်း ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်း သော ခုံအဖွဲ့တစ်ခုခုတွင်သော်လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး သို့မဟုတ် ဥပဒေရုံး အဆင့်ဆင့်၏ကိုယ်စား လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိကို ဆိုသည်။


[၂၀၁၆၊ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ များ ၂ (ဃ)]


အစိုးရရှေ့နေ၏ ညွှန်ကြားမှုဖြင့်သာ
ပြင်ပရှေ့နေတွေဟာ အစိုးရရှေ့နေ (ဥပဒေ အရာရှိ) ၏ ညွှန်ကြားမှုဖြင့်သာ လိုက်ပါစေရမယ်။ အမှုလိုက်ဥပဒေအရာရှိက ဦးဆောင်ပြီး အမှုကို လိုက်ပါရမယ်။ ပြင်ပရှေ့နေက တင်ပြသည့် အချက်ကို စိစစ်ဖို့ ဥပဒေအရာရှိမှာ တာဝန်ရှိ တယ်ဆိုတာ မှန်ပါသလား” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက တိတိကျကျ ထပ်မေးနေပြန် ပါသည်။

 


ရာဇဝတ်ကျင့်ထုံး ၄၉၃

ရာဇဝတ်ကျင့်ထုံး ၄၉၃ ကိုသာ သေသေချာချာ ဖတ်ပါ မောင်ပျင်းရိ။ အစိုးရရှေ့နေသည် မိမိ တာဝန်ယူရသည့် မည်သည့်အမှုတွင်မဆို ပြုလုပ် မှုသည် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု သို့မဟုတ် အယူခံမှု၌ အမိန့်စာမပါဘဲ မည်သည့် တရားရုံး ရှေ့မဆို ရောက်ရှိ၍ အမှုလိုက်ပါဆောင်ရွက် လျှောက်လဲနိုင်ပါသည်။


ပုဂ္ဂလိကငှားရမ်းသော ရှေ့နေများ

ပုဂ္ဂလိကငှားရမ်းသော ရှေ့နေများသည် ၎င်း ညွှန်ကြားမှုအောက်တွင် ရှိနေရခြင်း (Pleaders Privately instructed to be under his direction) ဟု ကျင့်ထုံးက ပြဋ္ဌာန်းပါသည်။


တစ်ဦးတစ်ယောက်က အခြားတစ်ဦးကို မည်သည့်တရားရုံးတွင်မဆို အမှုစွဲဆိုရန် ရှေ့နေ တစ်ဦးကို ငှားရမ်းလျှင် အစိုးရရှေ့နေ (ဥပဒေ အရာရှိ)ကပင် တရားစွဲဆိုမှုကို ဆောင်ရွက်ရမည်။ ငှားရမ်းခြင်းခံရသော ရှေ့နေသည် ထိုအမှုတွင် အစိုးရရှေ့နေ(ဥပဒေအရာရှိ)၏ ညွှန်ကြားမှုများ အရ (Under his direction) ဆောင်ရွက်ရမည်ဖြစ် ပေသည်။


ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ ၁၁၅

ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သော အမှု တွင် တရားလိုဘက်မှ ငှားရမ်းသော ရှေ့နေအား အမှုလိုက်ပါခွင့်ပြုခြင်း၊
ဥပဒေအရာရှိလိုက်ပါဆောင်ရွက်သော ပြစ်မှု ဆိုင်ရာ မူလအမှုများတွင် တိုင်တန်းသူ တရားလို သို့မဟုတ် နစ်နာသူ အမှုသည်က ရှေ့နေငှားရမ်း ပြီး လိုက်ပါဆောင်ရွက်စေလိုလျှင်-


(က) ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာဥပဒေ ရုံးသို့ လျှောက်ထားရမည်။


(ခ) သတ်မှတ်ထားသည့် ရုံးခွန်တံဆိပ် ခေါင်း ထမ်းဆောင်ထားသော လျှောက်လွှာနှင့်အတူ ပြင်ပရှေ့နေက သက်ဆိုင်ရာတရားရုံးတွင် တင်သွင်း မည့် ရှေ့နေကိုယ်စားလှယ်လွှဲစာကို ပူးတွဲတင်ပြရမည်။


ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ ၁၁၆

ဥပဒေရုံးအဆင့်ဆင့်သည် နည်းဥပဒေ ၁၁၅ အရ လျှောက်ထားချက်ကို ရှေ့နေကိုယ်စားလှယ် လွှဲစာနှင့်အတူ လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ တာဝန်ခံဥပဒေအရာရှိက ရှေ့နေကိုယ်စားလှယ် လွှဲစာပေါ်၌ အမှုလိုက်ဥပဒေအရာရှိ၏ ညွှန်ကြား မှုဖြင့်သာ လိုက်ပါဆောင်ရွက်ခွင့်ပြုကြောင်း ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာတရားရုံးတွင် တင်ပြနိုင်ရန် လျှောက် ထားသူအား ပြန်ပေးရမည်။


ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ ၁၁၇

ဥပဒေအရာရှိ လိုက်ပါဆောင်ရွက်သော အမှုတွင် တရားလိုအကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ခွင့်ရရှိသည့် ရှေ့နေသည်-


(က) သက်ဆိုင်ရာ အမှုလိုက် ဥပဒေအရာရှိ ၏ ညွှန်ကြားမှုဖြင့်သာ လိုက်ပါ ဆောင်ရွက်ရမည်။


(ခ) တရားရုံးတွင် သက်သေအား စစ်မေး လိုသည့် အချက်အလက်များနှင့် တင်ပြလိုသည့် စပ်ဆိုင်သော အကြောင်းအချက်များကို စာဖြင့် ရေးသား၍ အမှုလိုက်ဥပဒေအရာရှိ ထံ တင်ပြရမည်။
(ဂ) အမှုလိုက်ဥပဒေအရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ တရားရုံး၌ သက်သေစစ်မေး ခြင်း၊ သက်သေခံအထောက်အထား တင်သွင်းခြင်းနှင့် တရားရုံးတွင် တင်ပြလျှောက်လဲခြင်းများ မပြုရ။


ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ ၁၁၈

‌ရှေ့နေအား တရားလိုအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခွင့်ပြုထားသည့်အမှုတွင် အမှု လိုက်ဥပဒေအရာရှိသည်-


(က) ကိုယ်တိုင်ဦးဆောင်၍ လိုက်ပါဆောင် ရွက်ရမည်။

(ခ) မိမိ၏ ညွှန်ကြားမှုဖြင့် ရှေ့နေအား လိုက်ပါဆောင်ရွက်စေနိုင်သည်။

(ဂ) ရှေ့နေက သက်သေအား စစ်မေးလို သည့် အကြောင်းအချက်၊ တရားရုံး တွင် တင်ပြလိုသည့်အကြောင်း အချက်နှင့် စပ်လျဉ်း၍ မိမိထံ စာဖြင့် တင်ပြလျှင် အမှုလိုက်စာတွဲတွင် စနစ်တကျ တွဲထားရမည်။

(ဃ) ရှေ့နေက တင်ပြသည့်အကြောင်း အချက်များကို သေချာစွာ စိစစ်၍ အမှုနှင့် စပ်ဆိုင်သော အကြောင်း အချက်များဖြစ်လျှင် သက်သေစစ်မေး ခြင်း၊ တရားရုံးတွင် တင်ပြခြင်း စသည် များ ပြုလုပ်ရမည်။ အမှုနှင့်စပ်ဆိုင်ခြင်း မရှိသော အကြောင်းအချက်များ ဖြစ်လျှင် ရှေ့နေ၏ တင်ပြချက်ကို ငြင်းပယ်နိုင်သည်။ ထိုသို့ ငြင်းပယ် ကြောင်းကို အမှုလိုက်စာတွဲနေ့စဉ် မှတ်တမ်းတွင် စနစ်တကျ မှတ်တမ်း တင်ထားရမည်။

(င) မိမိလိုက်ပါသည့် အမှုကို ထိခိုက် နစ်နာဖွယ်မရှိလျှင် မိမိဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ရှေ့နေအား ကူညီဆောင်ရွက်စေ နိုင်သည်။

(စ) နည်းဥပဒေခွဲ(င)အရ ဆောင်ရွက်စေ သည့်အခါ မိမိခွင့်ပြုသည့် လုပ်ငန်း တာဝန်ကို အမှုလိုက်စာတွဲတွင် တိကျ စွာ မှတ်တမ်းတင်ထားရမည်။


(ဆ) နည်းဥပဒေခွဲ (င) အရ ခွင့်ပြုခဲ့လျှင် ခွင့်ပြုထားသည့် အတိုင်းအတာ အလျောက်ရှေ့နေအား ရဲစက္ကူအမှုတွဲ ကို ရုံးချိန်အတွင်းသာလျှင် လေ့လာ ကြည့်ရှုခွင့်ပေးရမည်။


ကျယ်ကျယ်ပြန့်ပြန့်
တရားလိုဘက်မှ ပြင်ပရှေ့နေငှားခြင်း အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးဦးမည်။ ရာဇဝတ်ကျင့်ထုံး ၄၉၃ နှင့်အညီသာ လိုက်နာ ဆောင်ရွက်ပါ။ ရှေ့နေချုပ်နည်းဥပဒေများနှင့် အညီသာ ကျင့်သုံးပါ။ ဘာပြဿနာမှ မရှိပါ။ ဥပဒေဘောင်အတွင်းက အခွင့်အရေးကိုသာ တောင်းခံနိုင်ပါမည်။


စေတနာ
ဘားကောင်စီ၊ ရှေ့နေအသင်းများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က ဦးဆောင် လျက် ဥပဒေပညာပေးခြင်း၊ ဆွေးနွေးမျှဝေခြင်း များ လုပ်ပေးလျှင် (စာကျေဖို့) လေ့လာမှတ်သား မှု တိုးတက်မှာ သေချာကြောင်း‌ တွေးခေါ်မိ သော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှ သာပါ...။ ။