တပ်ကုန်းမြို့နယ်၌  မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်မှ ကွင်းဆင်းစစ်ဆေး

တပ်ကုန်း    ၈   ဩဂုတ်    


    
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကြေညာထားရှိ ခြင်းဖြစ်ရာ ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါမဲစာရင်းကပ်ထားကြေညာမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး/ခရိုင်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်နှင့် တိုင်းဒေသကြီး၊ ခရိုင်မှ တာဝန်ရှိသူများသည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးတင့်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်မြသန္တာဌေးတို့နှင့်အတူ ဘုရင့်နောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်နှင့် ကျားသေအိုင် ကျေးရွာအုပ်စုများသို့ သွားရောက်၍ မဲစာရင်းကပ်ထားမှုအခြေအနေ၊ မဲစာရင်းများ ပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေနှင့် မဲစာရင်းများတွင် အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ပေးမှုအခြေအနေများ၊ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည်။ 

 

တပ်ကုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၅၅)အုပ်စု၊ ဆန္ဒမဲပေးခွင့်ရှိ သူပေါင်း တစ်သိန်း၊ ခုနှစ်သောင်း ကျော်ရှိပြီး မဲရုံပေါင်း(၁၃၅)ရုံဖြင့် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)