တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်မြို့ ကျောက်ဖျာမြို့သစ်စီမံကိန်းတွင် ပါဝင်သည့် တောင်သူ(၃)အား မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေး သိန်း(၈၀၀)ကျော် ပေးအပ်

မြိတ် ၂၆ စက်တင်ဘာ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်မြို့ ကျောက်ဖျာမြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာတွင် ပါဝင်သော တောင်သူ(၃)ဦးအား မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် မြေတစ်ဧက ကျပ်သိန်း(၉၀)ဖြင့်  မြေ(၈ ဒသမ ၈၉)ဧကအတွက် ကျပ်သိန်းရှစ်ရာကျော် ပေးအပ်ခဲ့သည်။

မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောက်ဖျာမြို့သစ် စီမံကိန်းဧရိယာ (၅၅၀၃ ဒသမ ၅၂)ဧကအနက် အသုံးပြုရန်မရှိသည့် ပြန်လည်စွန့်လွှတ်မည့် ဧရိယာ (၄၄၁၆ ဒသမ ၁၆)ဧကနှင့်ပတ်သက်ပြီး လုပ်ထုံး၊ လုပ်နည်းညွှန်ကြားချက်များနှင့်အညီ ပြန်လည်စွန့်လွှတ်နိုင်ရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ  ဗဟိုကော်မတီမှ မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရန်အတွက် စွန့်လွှတ်မည်ဖြစ်ကြောင်း အကြောင်းကြားလာသည့်အတွက် အဆိုပါမြေဧရိယာ (၄၄၁၆ ဒသမ ၆၁)ဧကအား မူလတောင်သူများထံ ယာယီ(ပုံစံ-၃) ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာမီတောင်သူများထံ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောက်ဖျာမြို့သစ်စီမံကိန်း ဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာ၌ ပါဝင်သော တောင်သူ (၃)ဦးအား မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို မြေဧကများအလိုက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့က ပေးအပ်ခဲ့ကြရာ မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးရရှိသည့် တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်  ထိန်းချုပ်ကုသရေးအတွက် ငွေကျပ်သိန်း(၁၀၀)ကို ဖိုးလမင်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ ဦးထွန်းထွန်းဝင်းက လှူဒါန်းရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်‌ကျော်ဦးက လက်ခံရယူခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးမည့် မြေဧရိယာ(၉၂ ဒသမ ၅၄၄)ဧကအတွက် လျော်ကြေး၊ နစ်နာကြေးပေးချေရေးကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေများဖြင့် မြေဧရိယာ(၅၆ ဒသမ ၂၅)ဧကအတွက် လျော်ကြေး၊ နစ်နာကြေးကို ဇူလိုင်လ၌ တောင်သူများအား ပေးအပ်ပြီးဖြစ်ကာ ကျန် မြေဧရိယာဧကများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထပ်မံတင်ပြ တောင်းခံထားပြီးဖြစ်သဖြင့် ခွင့်ပြုချက်ရရှိပါက ထပ်မံပေးလျော်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)