တမူးခရိုင်  မြို့သစ်မြို့တွင် CFW စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မြို့သစ်   ၂  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများလျော့နည်း သက်သာစေရန်နှင့်ဒေသခံပြည်သူများ ဝင်ငွေရှိစေရန် Cash For Work စီမံကိန်းဖြင့်  မြို့သစ်မြို့အတွင်းရှိကျေးရွာ (၃)ရွာတွင် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Cash For Work စီမံကိန်းဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ကျေးရွာများမှာ ဖိုင်လင်းကျေးရွာ၊ နန်းအောင်မော်ကျေးရွာနှင့် နောင်ကက်(ဟောင်း)ကျေးရွာတို့ဖြစ်ပြီး Box Culvert တည်ဆောက်ခြင်းလုပ်ငန်းနှစ်ခု၊ ရေပြွန်(၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း သုံးခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရွာတွင်းလမ်းချောင်း သဲကျောက်ခင်းခြင်းလုပ်ငန်းတို့ကို ဇူလိုင်လ စတုတ္ထပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်း ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်  ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေး ချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အ‌ခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)