တိုင်းဧရာကို ပို၍ ဖွံ့ဖြိုးစေမည့် မော်ကျွန်းမြို့နယ်မှ မြစ်ကူးတံတားသုံးစင်း

၂၇ ဇန်နဝါရီ

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီ တိုင်းဒေသကြီးသည် မြစ်ချောင်းများ ပေါများသော မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်စေရန်အတွက် လမ်းများအပြင် တံတားများကလည်း အရေးကြီးလှသည်။ တိုင်းဒေသကြီးအတွင်းတစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာရေးတွင် မြစ်များ၊ ချောင်းများ အသွယ်သွယ်ရှိနေသဖြင့် မြစ်ကူးတံတားများမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လိုလားသော ပြည်သူတို့၏ စိတ်ကူးယဉ်အိပ်မက်များလည်း ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်သည် ကျွန်းမြို့လေးဖြစ်သည်။ ယခင်က အဝေးပြေး လမ်းမကြီးဟူ၍ မရှိ။ မြစ်ကူးတံတားတည်ဆောက်ရန် ဆိုလျှင် ဝေလာဝေး။

ယခုဆိုလျှင် မော်လမြိုင်ကျွန်းမြို့မှ အနယ်နယ် အရပ်ရပ်သို့ ဆက်သွယ်သွားလာနိုင်သော လမ်းကွန်ရက် များရှိနေပြီဖြစ်သည်။ အဝေးပြေးလမ်းမကြီးများမှာလည်း မော်လမြိုင်ကျွန်းမှ မအူပင်၊ ရန်ကုန်မြို့သို့လည်းကောင်း၊ မော်လမြိုင်ကျွန်းမှ ဘိုကလေး၊ ဖျာပုံ မြို့များသို့လည်းကောင်း၊ မော်လမြိုင်ကျွန်းမှ ကျိုက်ပိ၊ ကျော်ဇံ၊ ကျိုက်လတ်မြို့များသို့လည်းကောင်း၊ မော်လမြိုင်ကျွန်းမှ ပင်လယ်ပိုင်း ကဒုံကနိ၊ အေရာ ကျေးရွာကြီးများအထိ လည်းကောင်း ပေါက်ရောက်နေပြီဖြစ်သဖြင့် နေ့ချင်းပြန် သွားရောက်နိုင်ကြသည့်အပြင် ဘင်္ဂလားပင်လယ်အော် အနီးရှိရွှေဧရာ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသို့ပါ မော်လမြိုင်ကျွန်းမြို့မှ နေ့ချင်းပြန် သွားရောက်နိုင်ပြီ ဖြစ်သည်။ ထို့အပြင် မော်လမြိုင်ကျွန်း-လှိုင်းဘုန်းပြင်စလူ ပင်လယ်ပိုင်းဒေသအထိ အဝေးပြေးခရီးလမ်းကိုလည်း လမ်းဆက်သွယ်ဖောက်လုပ်လျက်ရှိကာ လိုအပ်သော တံတားများကိုလည်း တည်ဆောက်လျက်ရှိသည်။

မော်လမြိုင်ကျွန်း-မအူပင်-ပုသိမ်လမ်း ပုသိမ်-မအူပင်-ရန်ကုန် ခရီးစဉ်တွင် မော်လမြိုင်ကျွန်းမှ မအူပင်ရေနံမြေကိုပတ်၍ ပုသိမ်မြို့သို့ အဝေးပြေး ကားလမ်းအတိုင်း ဆက်သွယ်သွားလာလျှင် အချိန် ၇ နာရီ သွးရမည်။ မိုင်အားဖြင့် ၁၅၀ ရှိသည်။ ပုသိမ်မြို့သို့ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့များမှ သွားလိုလျှင်လည်း မအူပင်ရေနံမြေကိုပတ်၍ သွားလာကြရသဖြင့် အချိန်ပိုကြာသည်။ ခရီးလမ်းကားကွာဝေးလှ သည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ပြည်သူများအနေဖြင့် ပုသိမ်သို့ သွားလိုလျှင်လည်း လောလောဆယ်တွင် မော်လမြိုင်ကျွန်း- မအူပင်- ပုသိမ် အဝေးပြေးလမ်းကြောင်းကိုသာ အသုံးပြုသွားလာနေရသည်။

တိုက်ရိုက်အဝေးပြေးလမ်း ၊ ထို့ကြောင့် မော်လမြိုင်ကျွန်းမြို့နယ်အပါအဝင် ဖျာပုံ၊ ဘိုကလေး ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်များမှ ဒေသခံ ပြည်သူများသည် ပုသိမ်မြို့သို့ သွားရောက်ရာတွင် ယခုထက်ပိုမြန်မည့် အမြန်လမ်းကို သုံးလိုကြသည်။ အချိန်တိုတိုဖြင့် ရောက်လိုကြသည်။ အဆိုပါ ငါးမြို့နယ်မှ ဒေသခံပြည်သူများ ဆန္ဒပြည့်ဝစေရန်အတွက် ဆက်လက်ဆောင်ရွက်နေသည့် အဝေးပြေးလမ်းမှာ မော်လမြိုင် ကျွန်း-ဝါးခယ်မ-မြောင်းမြ-ပုသိမ် တိုက်ရိုက် အဝေးပြေး လမ်းမကြီးဖြစ်သည်။ မော်လမြိုင်ကျွန်း-ပုသိမ် လမ်းခရီး အတွက် ဒုတိယ ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည်ဖြစ်သည်။

အဆိုပါ မော်လမြိုင်ကျွန်း-ပုသိမ် ဒုတိယ ဆက်သွယ်ရေးလမ်းကြောင်းဖြင့် သွားမည်ဆိုပါက ခရီးအကွာအဝေး ကို တွက်ကြည့်လျှင် မော်လမြိုင်ကျွန်း-ပုသိမ် ခရီးစဉ် အတွက် ၇၃ မိုင်သာ ကွာဝေးပြီး နာရီအားဖြင့် သုံးနာရီသာ သွားရတော့မည်ဖြစ်သည်။ လက်ရှိအသုံးပြုသွားလာနေရသော မော်လမြိုင်ကျွန်း-မအူပင်-ပုသိမ် ခရီးစဉ်ထက်  အချိန်အားဖြင့် လေးနာရီ ပိုမိုသက်သာပြီး ခရီးမိုင်အားဖြင့် လည်း ၇၇ မိုင် သက်သာသွားမည်ဖြစ်သည်။

ဤမော်လမြိုင်ကျွန်း-ပုသိမ် တိုက်ရိုက် အဝေးပြေး ခရီးစဉ်အတွက် အရေးပါသော မြစ်ကူးတံတားသုံးစင်းကို လိုအပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) ညောင်ဦးက တာဝန်ယူ တည် ဆောက်လျက်ရှိသည်။

စော်ကဲမြစ်ကူးတံတား ၊ မော်လမြိုင်ကျွန်းမြို့နယ်မှ စော်ကဲမြစ်ကူးတံတားကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ပြီး တည်ဆောက် လျက်ရှိသည်။ မြစ်ကူးတံတားသည် အရှည်ပေ ၂၄၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်သုံးပေစီ ရှိသည်။ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ပေ ၂၄၀ ရှိသည်။ ပင်မတံတားမှာ သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်သည်။ စော်ကဲမြစ်ကူးတံတားကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန် ပိုင်းတွင် တည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက် လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စော်ကဲမြစ်ကူး တံတား သည် များစွာအထောက်အကူပြုသော တံတားတစ်စင်းဖြစ် လာမည်ဖြစ်ပေသည်။

ကျွန်းပြာသာဒ်မြစ်ကူးတံတား ဧရာဝတီတိုင်းဒေသကြီးတွင် ကျွန်းပြာသာဒ်မြစ်ကူး တံတားသည်လည်း အရေးပါသော တံတားတစ်စင်းဖြစ် သည်။ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့နယ် ထိစပ်နေသောနေရာတွင် တည်ရှိသည်။ ယင်းကျွန်း သာဒ်မြစ်ကူးတံတားသည်လည်း တံတားဦးစီးဌာနတံတား တည်ဆောက်ရေးအဖွဲ့ (၂)ကပင် တာဝန်ယူတည်ဆောက် ပေးနေသော တံတားတစ်စင်းဖြစ်သည်။

ကျွန်းပြာသာဒ်မြစ်ကူးတံတားသည် အရှည်ပေ ၂၃၆၀၊ အကျယ် ၂၈ ပေ(နှစ်လမ်းသွား)နှင့် လူသွားလမ်းအကျယ် တစ်ဖက်သုံးစီ ရှိသည်။ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ပေ ၂၄၀ ရှိသည်။ ကျွန်းပြာသာဒ်မြစ်ကူးတံတားမှာ သံမဏိသံပေါင် သံကူကွန်ကရစ်ရက်မ တံတားအမျိုးအစားဖြစ်သည်။

ယင်း ကျွန်းပြာသာဒ်မြစ်ကူးတံတားမှ စော်ကဲမြစ် ကူးတံတားအထိ ၅ မိုင် ၄ ဖာလုံ၊ ကျွန်းပြာသာဒ်မြစ်ကူး တံတားမှ ဝါးခယ်မမြို့အထိ၁၁မိုင် ၁ ဖာလုံကွာဝေးသည်။

ဆောက်လုပ်ဆဲ ကျွန်းပြာသာဒ်မြစ်ကူးတံတားမှ ပုသိမ် မြို့အထိ ၆၇ မိုင် ၄ ဖာလုံ ကွာဝေးသည်။ ကားဖြင့် ပုသိမ် မြို့သို့သွားလျှင် နှစ်နာရီခွဲသာ သွားရမည်ဖြစ်သည်။ ယင်းကျွန်းပြာသာဒ်မြစ်ကူးတံတားကိုလည်း ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် လျာထားဆောင် ရွက်လျက်ရှိသည်။

ကျွန်းကုန်းမြစ်ကူးတံတား ဝါးခယ်မမြို့နယ် အိမ်မဲ-ဝါးခယ်မလမ်းပေါ်ရှိ ကျွန်းကုန်းမြစ်ကူးတံတားမှာလည်း မော်လမြိုင်ကျွန်း-ပုသိမ် အဝေးပြေး ခရီးလမ်းကြောင်းတွင် အရေးပါသော တံတားတစ်စင်းဖြစ်သည်။ ကျွန်းကုန်းတံတားကိုလည်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂)ကပင် တာဝန်ယူ တည်ဆောက်နေသည်။

ကျွန်းကုန်းမြစ်ကူးတံတားသစ်မှာ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ဝါးခယ်မနှင့် မြောင်းမြမြို့တို့မှ ဒေသခံပြည်သူများ ပုသိမ်မြို့သို့ သွားရောက်ရာတွင် အချိန်တိုတိုဖြင့် အမြန်ဆုံးရောက်ရှိနိုင်သည့် ဆက်သွယ် ရေးလမ်းဖြစ်သည်။ ဒေသထွက်ကုန် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးတွင်လည်းကျွန်းကုန်းတံတားသည် အရေး ပါသော တံတားတစ်စင်း ဖြစ်လာမည်ဖြစ်ပေသည်။

အဆိုပါ ကျွန်းကုန်းတံတားမှာ မြို့နယ်ခြောက်ခု၏ အလယ်ဗဟိုတွင် တည်ရှိပြီး မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းပြသာဒ်တံတားမှ ဝါးခယ်မမြို့အထိ ၁၀ မိုင်၊ ဝါး ခယ်မမြို့မှ ကျွန်းကုန်းတံတားအထိ ၁၁ မိုင် ၄ ဖာလုံ၊ ကျွန်းကုန်းတံတားမှ မြောင်းမြမြို့အထိ၂၂ မိုင် ၂ ဖာလုံနှင့် ကျွန်းကုန်းတံတားမှ ပုသိမ်မြို့ အထိ ၃၄ မိုင် ကွာဝေးပြီး ကားဖြင့် ၄၅ မိနစ်သာ သွားရတော့မည်ဖြစ်သည်။

ကျွန်းကုန်းတံတားသစ်သည် အရှည် ၇၈၇ ပေ ၅ လက်မ၊ တံတားအကျယ် ၂၄ ပေလူသွားလမ်းတစ်ဖက် သုံးပေစီ၊ ရေလမ်းကင်းလွတ်အမြင့် ၁၈ ပေ၊ ရေလမ်း ကင်းလွတ်အကျယ် ပေ ၁၆၀ ရှိသည်။ ကျွန်းကုန်းတံတားသည် သံကူကွန်ကရစ် သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်သည်။ ကျွန်းကုန်းတံတား တည်ဆောက်မှု လုပ်ငန်းများကို ၂၀၂၁ ခုနှစ်အတွင်း ပြီးစီးရန်လျာထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။

တိုင်းဧရာကို ပို၍ ဖွံ့ဖြိုးစေမည် တိုင်းဧရာကို ပို၍ ဖွံ့ဖြိုးစေမည့် မော်ကျွန်းမြို့နယ်မှ မြစ်ကူးတံတားသုံးစင်းသည် မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးမှ ပြည်သူများသာမက နိုင်ငံတစ်ဝန်းမှ ခရီးသွားပြည်သူများအတွက်ပါ အတိုင်းအတာတစ်ခုအထိ ဆက်၍ ဆက်၍ အကျိုးပြုနေမည်သာ ဖြစ်ပေသည်။ ။

မော်ကျွန်းမြင့်အောင်