တိရစ္ဆာန် မွေးမြူရေးဆိုင်ရာနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ ပညာပေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၃  ဩဂုတ်

 

ကျွဲ၊ နွား ကုန်သွယ်ခြင်းကြောင့် လယ်ယာကဏ္ဍ၏ ကျွဲ၊ နွား အသုံးပြုမှုအပေါ် ထိခိုက်ခြင်း မရှိစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက မူဝါဒများ၊ ညွှန်ကြားချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စိစစ်ကြပ်မတ်၍  ကျွဲ၊ နွားကုန်သွယ်သူများ အနေဖြင့် ကျွဲ၊ နွား ကိုယ်တိုင် မွေးမြူခြင်း သို့မဟုတ် မွေးမြူဘက်စနစ်ဖြင့် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အပါအဝင် တည်ဆဲဥပဒေများနှင့်ညီညွတ်ပြီး ဆက်စပ်ဌာနများ၏ သဘောထား မှတ်ချက်များအရ လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက် လျက်ရှိသည်။

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းသည် သြဂုတ် ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၌ ကျွဲ၊ နွား မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကျွဲ၊ နွား ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးသည်။

 

အလားတူ ခရိုင်နှင့်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ COVID-19 Economic Relief Plan (CERP) အရ ကျေးရွာများတွင် မွေးမြူရေးဆိုင်ရာ သင်တန်းများ ဆောင်ရွက်ပေးနေမှုနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်များ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

 

ထိုမှတဆင့် ညွှန်ကြားရေးမှူးချုပ်သည် ကျောက်ဆည်မြို့နယ်၊ အုန်းလွှဲကျေးရွာ၌ ဖွင့်လှစ်ပို့ချလျက်ရှိသော မွေးမြူထုတ်လုပ်မှုဆိုင်ရာ သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 

ကျွဲနွားကုန်သွယ်မှု အများဆုံး ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် တိုင်းဒေသကြီးများတွင် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်၊ မွေးမြူရေး တောင်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက် ရှိသကဲ့သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဒေသများခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

မွေးမြူရေးလုပ်ကိုင်သူ တောင်သူများ အနေဖြင့် တိရစ္ဆာန်ရောဂါထိန်းချုပ် ကာကွယ်ကုသရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကျွဲ၊ နွားမွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်း၊ သိုး၊ ဆိတ် မွေးမြူရေးသင်တန်း၊ ကြက်မွေးမြူရေးသင်တန်း၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ မျိုးမြှင့်တင်ရေး သင်တန်း စသည့် မွေးမြူရေးဆိုင်ရာ သင်တန်း(၆)မျိုးကို စီမံကိန်းဒေသများအလိုက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

ညီညီသန်း (နေပြည်တော်)