တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစုမှ ကြက်သွန်နီများအား ဈေးနှုန်းသက်သာစွာဖြင့် အသင်းသားများထံ ရောင်းချပေး

ရန်ကုန် ၁၃ ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစုမှ သန့်ရှင်းလတ်ဆတ်သော ကြက်သွန်နီများအား အသင်းသားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှတစ်ဆင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
အဆိုပါ သန့်ရှင်းလတ်ဆတ်သော ကြက်သွန်နီများကို မြို့နယ်အတွင်းရှိ လက်တွေ့အကောင်အထည်ဖော် ရောင်းဝယ်ရေးပြုလုပ်နေသည့် ဇေယျာ၊ အောင်တံခွန်၊ သီတာဦး၊ ရောင်ခြည်ဦး၊ ရာဇာ၊ ရောင်နီဦး၊ မေတ္တာမွန်၊ ငွေကြာယံ၊ ရာဇာသီရိ အစရှိသော ရောင်းဝယ်ရေး သမဝါယမအသင်းများနှင့် သမဦးစီးဌာန၊ ငွေစုငွေချေးတို့သို့ အချိန် (၂၅)ပိဿာပါသော ကြက်သွန်နီအိတ် (၁၇)အိတ် စုစုပေါင်းပိဿာချိန် (၄၂၅)ပိဿာအား တစ်ပိဿာလျှင် ငွေကျပ်(၇၀၀)နှုန်းဖြင့် ရောင်းချနိုင်ရန် ဖြန့်ဖြူးပေးလျက်ရှိသည်။

 

ထိုသို့ဖြန့်ဖြူးရောင်ချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်နှင့် မကွေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်တို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ ဆိတ်ဖြူမြို့နယ်မှ ထွက်ရှိသည့် သန့်ရှင်းလတ်ဆတ်သော ကြက်သွန်နီ ပိဿာချိန် (၆၉၀၀)အား ဝယ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၆)မြို့နယ်နှင့် သီရိစန္ဒာအထည်ချုပ် သမဝါယမအသင်းတို့မှ အသင်းသားများအား သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ချိုသာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ တောင်သူလယ်သမားမှ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ ပြည်တွင်းဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် စားသုံးမှုဖူလုံစေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဦးခင်ဇော်ထံမှ သိရှိရသည်။

 

နေထက်အောင်