တောင်းမှာအကွပ် လူမှာအဝတ်

၈ ဒီဇင်ဘာ

ဒီတစ်ပတ်မှာတော့ ကလေးတို့ကို အဝတ်အစားတွေဝတ်တဲ့အခါ ဘယ်လိုရွေးချယ်ဝတ်ဆင်ရမလဲဆိုတာကို ပြောပြချင်ပါတယ်။ မမတို့ မြန်မာစကား တစ်ခွန်းရှိပါတယ်။ တောင်းမှအကွပ် လူမှာအဝတ်တဲ့။ ဘာကိုပြောချင် တာလဲဆိုတော့ အဝတ်အစားကို သင့်တင့်လျောက်ပတ်အောင်ဝတ်ဆင်ခြင်းဟာ ကိုယ့်အတွက်လည်းအဆင် ပြေပြေနဲ့လှပနေတတ်သလို သူများတွေကလည်း သဘောကျနှစ်သက်တတ်တယ် ဆိုတဲ့အကြောင်းလေးပဲပေါ့။ အဝတ်အစားတွေဟာ အသစ်ပေါ်တိုင်း ဝယ်နေရတာထက် ကလေးတို့ဆီမှာ ရှိပြီးသားအဝတ်အစားတွေနဲ့ သွားလာလှုပ်ရှားရတဲ့နေရာ ကိုက်ညီအောင် ဝတ်စားတတ်ဖို့လိုပါတယ်။ ဒါဟာလည်း လောကဝတ်တွေထဲမှာပါ ဝင်ပါတယ်။

ဘုရားသွားကြမလား

ဘုရားဖူးသွားတဲ့အခါ မမတို့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ အဝတ်အစားတွေ မ၀တ်ဖို့လိုပါတယ်။ ဘုရားပေါ်မှာ မယဉ်ကျေးဘူးလို့ ယူဆကြတဲ့အတွက် အင်္ကျီချိုင်းပြတ်တွေ၊ ဘောင်းဘီအတိုတွေနဲ့မလာကြဖို့ သတိပေးထား ကြရတာပေါ့။ ဒါကြောင့် ဘုရားကိုသွားတာဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းသွားတဲ့အခါဖြစ်ဖြစ်၊ လူကြီးသူမတွေဆီ သွားတာဖြစ်ဖြစ် သွားလာခဲ့မယ်ဆိုရင် လုံလုံခြုံခြုံအဝတ် အစားတွေကို ဝတ်ဆင်ဖို့လိုပါတယ်။

ခရီးသွားမလား

ခရီးသွားတဲ့အခါ အဝတ်အစားကျပ်တာတွေကို ဝတ်ဆင်သွားမယ်ဆိုရင် ဗိုက်အောင့်တာ၊ ခေါင်းမူးတာနဲ့ ပင်ပန်းတာတွေကိုကြုံရနိုင်ပါတယ်။ အချို့အင်္ကျီအသစ် တွေဟာလည်း အရေပြားယားယံပြီး ဓာတ်မတည့်တဲ့သူတွေဆိုရင် ရောဂါရနိုင်ပါတယ်။ ခရီးသွားတဲ့အခါ ကိုယ်နဲ့လိုက်ဖက်ပြီး သက်သောင့်သက်သာရှိတဲ့ ချောင်ချောင်ချိချိ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။

ကျောင်းသွားမလား

ကျောင်းမှာတော့ သတ်မှတ်ထားတဲ့ကျောင်းဝတ်စုံတွေ အသီးသီးရှိကြပါတယ်။ ကျောင်းဝတ်စုံတွေက နေ့တိုင်းဝတ်ရတာမို့ ကလေးတို့က ညစ်ညစ်ပတ်ပတ် နေကြမယ်ဆိုရင် လူကြီးတွေ ဘယ်လောက်ဝယ်ပေးပေး သန့်ပြန့်နိုင်မှာမဟုတ်ပါဘူး။ ကျောင်းသားကျောင်းသူ ဘဝမှာ အဝတ်အစားကို သန့်သန့်ပြန့်ပြန့် မထားနိုင်ဘူးဆိုရင် ကျောင်းခန်းထဲမှာ ညစ်ညစ်ပေပေနဲ့နေကြရမှာ ဖြစ်ပါတယ်။ ကလေးတို့ကို ဘယ်သူကမှလည်း လိမ္မာပြီး စည်းကမ်းရှိတဲ့ကလေးလို့ မထင်ကြတော့ဘူးပေါ့။ ဒါကြောင့် သန့်သန့်ရှင်းရှင်းဝတ်ပြီး ကိုယ့်ဘေးနားက သူငယ်ချင်းတွေလည်း ကိုယ့်ရဲ့ညစ်ပတ်တဲ့ အင်္ကျီကြောင့် အနှောင့်အယှက်မဖြစ်အောင်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် သန့်ရှင်းစွာ ဝတ်ဆင်တတ်ပါစေနော်။

ညဝတ်အင်္ကျီထားသလား

ညဘက်ရောက်ရင် ကလေးတို့အင်္ကျီလဲတာမျိုး လုပ်ကြလား။ ညဝတ်အင်္ကျီဆိုပြီး သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်။ မေမေတို့နဲ့ အိပ်တဲ့ကလေးတွေဖြစ်ဖြစ်၊ ကိုကိုတွေ၊ မမတွေနဲ့ အိပ်ရရင်ဖြစ်ဖြစ် တစ်နေကုန် ၀တ်ထားတဲ့ အင်္ကျီတွေရဲ့ အနံ့အသက်ကြောင့် သူများကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အပြင်သွားတဲ့အခါ အင်္ကျီတွေမှာ ကပ်ပါလာတဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ ဖုန်မှုန့်တွေ ကြောင့်လည်း ကလေးတို့ကျန်းမာရေးကို ထိခိုက်နိုင်ပါသေးတယ်။ ဈေးကြီးပေးပြီး ညဝတ်အင်္ကျီတွေကို ဝတ်ဆင် ကြသူတွေလည်းရှိပါတယ်။ ကလေးတို့အတွက် ဝတ်ဆင်ရတာလည်းလွယ်ကူပြီး သက်‌သောင့်သက်သာရှိ လုံခြုံတဲ့ အင်္ကျီတွေထဲကမှ ဟောင်းသွားတဲ့ဝတ်စုံလေးတွေကို ညတိုင်းသန့်သန့်ရှင်းရှင်း ဝတ်ဆင်အိပ်ကြမယ်ဆိုရင် အနံ့ဆိုးတွေကို ရှူပြီးအိပ်စရာလည်းမလိုတဲ့အပြင် အိပ်ရာတွေလည်းသန့်၊ အတူတူအိပ်သူတွေလည်း အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့။

ဒီလိုမျိုးတွေအပြင် နေမကောင်းတဲ့သူကိုသတင်း သွားမေးတာ၊ ဝမ်းနည်းနေတဲ့သူတွေဆီသွားတာမျိုး ဆိုရင် တောက်ပြောင်ပြီး မျက်စိစူးတဲ့အရောင်တွေနဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ဘူးကလေးတို့ရေ။ သူတို့ ဝမ်းနည်းနေတာကို အသိအမှတ်ပြုတဲ့အနေနဲ့ တည်ငြိမ်ပြီး ဣန္ဒြေရှိတဲ့အရောင်တွေနဲ့ အဝတ်အစားကိုပဲ ဝတ်သင့်ပါတယ်။ အလှူတွေနဲ့မွေးနေ့ပွဲတွေကို သွားမယ်ဆိုရင် တော့ သူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ လှလှပပလေးဝတ်စား သွားဖို့လိုတာပေါ့။ သူများတွေ ပျော်ရွှင်နေတဲ့အချိန်မှာ မလှမပ၊ မသပ်မရပ်နဲ့ အဝတ်အစားတွေကို ဖြစ်သလို ဝတ်စားမသွားကြဖို့ မမက အကြံပေးပါရစေ နော်။ ။

မမမေ